၁၇.၃.၂၀၂၃
Written by Peya
ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ဦးကျော်ဇေယျ ခေါင်းဆောင်ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီက လာမည့်မတ်လ ၂၂ ရက်တွင် ပါတီမှတ်ပုံတင်မည်ဖြစ်ကြောင်း MT News သတင်းဌာနက သိရသည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကလည်း ၎င်းတို့ပါတီအား သီးသန့်ပါတီ မှတ်ပုံမတင်တော့ပဲ အဆိုပါ ပါတီသို့ လာရောက်ပူးပေါင်းထားကာ အခြားနိုင်ငံရေးအင်အားစုများလည်း ပါဝင်နေသည့် အဆိုပါပါတီသစ်သည် လက်ရှိတွင် တိုင်းဒေသကြီး ၅ ခု ၌ ရွေးကောက်ပွဲဝင်ရန် ကနဦး စီစဉ်ထားကြောင်းလည်း သိရသည်။
“မှတ်ပုံတင်ကလည်း ပထမက တင်မလို့ဟာ ကျွန်တော်တို့ဆီမှာလည်း ဝိဇ္ဇာနည်းကလည်း ပါနေတယ်။ ရက်ကောင်းတယ် ဆိုတာနဲ့ အခု ၂၂ ရက်ကျမှ တရားဝင် (မှတ်ပုံတင်) တင်တော့မယ်။ ၁၇ ရက်ဆိုတာ ကျွန်တော့်မှာ ရက်မကောင်းဘူးဆိုပြီး ပြန်ရွှေ့လို့ ၂၂ ရက်က ရက်ကောင်းတယ် ဆိုပြီး ဖြစ်သွားတာ။ ကျွန်တော်က ဆုံးဖြတ်လိုက်ပါပြီ” ဟု အဆိုပါ ပါတီသစ်တွင် ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ဦးကျော်ဇေယျက ရှင်းပြသည်။
အဆိုပါ ပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။