၁၇. ၃. ၂၀၂၃
Written by Ye Kyaw
ပြည်ပမှ ချည်ချောတင်သွင်းမှုလျော့ကျစေရန် အမှတ် (၇) အထည်စက်ရုံ (မြစ်သား)တွင် ၂/၈၀ ချည် (ချည်ချော)ကို တစ်နှစ်လျှင် ပေါင် ၁၄၀,၀၀၀ အခြေခံထုတ်လုပ်ပြီး ပြည်တွင်းအထည်လိပ်လုပ်ငန်းများထံ ဖြန့်ဖြူးပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မတ်လ ၁၆ ရက်၌ အမှတ် (၇) အထည်စက်ရုံ(မြစ်သား)သို သွားရောက်စစ်ဆေးစဥ် ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ၂/၈၀ ချည်များကိုထုတ်လုပ်၍ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများသို ဖြန့်ဖြူးပေးနိုင်လျှင် ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်မည်ဖြစ်သဖြင့် အမှတ်(၇) အထည်စက်ရုံ (မြစ်သား) တွင် ထုတ်လုပ်နိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် ၂/၈၀ ချည်ကိုတစ်လလျှင်ပေါင် ၂၀,၀၀၀၊ တစ်နှစ်လျှင်ပေါင် ၂၄၀,၀၀၀ အခြေခံထုတ်လုပ်နိုင်ပြီး ပြည်တွင်း အထည်အလိပ်လုပ်ငန်းရှင်များထံ ဖြန့်ဖြူးပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။
၂/၈၀ ချည်များ စီးပွားဖြစ် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်း ချည်မျှင်ရှည်ဝါဂွမ်းများနဲ့ စက်အရန်ပစ္စည်းတွေကို ကြိုတင်စုဆောင်းထားရန်၊ အရည်အသွေးကောင်းမွန်တဲ့ ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက်ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ထားရန်၊ ထုတ်ကုန်ပစ္စည်းများအရည် အသွေးကောင်းမွန်စေရန် ကုန်ကြမ်း၊ စက်ပစ္စည်းများကောင်းမွန်နေရုံဖြင့်မရဘဲ စက်များကိုကိုင်တွယ် မောင်းနှင်နေတဲ့ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုလည်း လိုအပ်တယ် ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
အမှတ် (၇) အထည်စက်ရုံ (မြစ်သား) အနေဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသော ၂/၈၀ ချည်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ဝါဂွမ်းအမျှင်အရှည် ၃၄ မီလီမီတာရှိသော ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂/၈၀ ချည်များအမြန်ဆုံး ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများပြုပြင်နေမှုကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိသည်။
အမှတ် (၇)အထည်စက်ရုံ(မြစ်သား)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာအုပ်စုတွင် တည်ရှိသည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်းမှစက်ရုံအား လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် အထည်အလိပ်လုပ်ငန်းနှင့် တရုတ်နိုင်ငံ Tianjin Universal Machinery Import & Export Corporation နှင့် စာချုပ်ချုပ်ဆို၍ တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂၀ ရက်တွင် စတင်ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။