MT News
Written By Thandar
အနုပညာရှင်တွေရဲ့ အမျှော်လင့်ဆုံးပန်းတိုင်ဖြစ်တဲ့ အကယ်ဒမီဆုနဲ့ပတ်သက်ပြီး ဘယ်သူ့ကို ပယ်မယ်၊ ဘယ်သူကတော့ ဘာလုပ်ထားလို့ မပါရဘူးဆိုတာမျိုး အကဲဖြတ်အဖွဲ့မှာ မရှိပါဘူးလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြောပါတယ်။
“အကယ်ဒမီက တကယ့်ထူးချွန်တဲ့သူတွေကို ပေးသွားမှာပါ။ ဘယ်သူ့ကို ပယ်မယ်၊ ဘယ်သူကတော့ ဘာလုပ်ထားလို့ မပါရဘူးဆိုတာမျိုး အကဲဖြတ်အဖွဲ့မှာ မရှိပါဘူး။ အနုပညာအပေါ်မှာပဲ အကဲဖြတ်ပြီး ဆုံးဖြတ်မှာပါ။ တစ်နှစ်မှာပါသမျှ ကားစာရင်းအကုန်ကြည့်မယ်။ အကဲဖြတ်အဖွဲ့ကတော့ အနုပညာအပေါ်မှာပဲ အကဲဖြတ်သွားမှာပါ။ ရှိသမျှ ကားအကုန်ကြည့်မယ်။ အကယ်ဒမီ အကဲဖြတ်အဖွဲ့ကတော့ အကဲဖြတ်တာကိုလုပ်မယ်။ အကဲဖြတ်ပြီးရင် အိတ်ပိတ်မယ်။ ချိပ်ပိတ်ပြီးရင် ဖောက်တဲ့အဖွဲ့က သပ်သပ်ရှိတယ်။ အဲဒါပြီးမှ သက်ဆိုင်ရာကို တင်လိုက်မှာပါ။ အကယ်ဒမီကတော့ နှစ်တိုင်း ဂယက်ကတော့ထနေကြဆိုတော့ အခုလည်း ဒီလိုပဲ ဖြစ်မှာပဲ။ နှစ်တိုင်း ဘယ်လောက်ပဲ အကောင်းဆုံးဖြစ်အောင် အမှန်ဆုံးဖြစ်အောင်လုပ်လုပ် နှစ်တိုင်း မှန်တယ်လို့ ပြောတာ မရှိဘူး”လို့ ဦးအေးကြူလေးကပြောပါတယ်။
၂၀၁၉ခုနှစ် ၂၀၂၀ခုနှစ် နဲ့ ၂၀၂၂ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွေကို မကျင်းပခဲ့ရသေးတဲ့ အတွက် ကြွေးကျန်လည်း ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် အခုနှစ်မှာတော့ သုံးနှစ်စာပေါင်းပြီး အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ကျင်းပဖို့အတွက် စီစဉ်ရတာဖြစ်တယ်လို့ သိရပါတယ်။
“၂၀၁၉ ခုနှစ်က စိစစ်ပြီး ရွေးချယ်ထားတာတွေက ရှိပြီးသားပါ။ ချိပ်ပိတ်ထားတယ်။ ၂၀၂၁ ခုနှစ်ကတော့ ရုပ်ရှင်ကားတွေ လုံး၀ ရုံမတင်နိုင်တဲ့အတွက် အဲဒီနှစ်ကတော့ မပါဘူး။ အခုက ၂၀၂၀၊ ၂၀၂၂ ခုနှစ်အတွက် လောလောဆယ် ဇာတ်ကား အကဲဖြတ်ကြည့်နေပါတယ်။ တစ်နှစ်ဆီအလိုက် ဆုတွေ ရွေးချယ်ပြီး သုံးနှစ်စာ အတွက် ဆုရွေးချယ်ထားတယ်။ ထူးချွန်ဆုကတော့ သတ်မှတ်ထားတဲ့အတိုင်း ၁၁ ဆုပါပဲ။ အဲဒီမှာ အထူးဆုကိုတော့ တစ်ဆုပဲ ထည့်ပေးမယ်”လို့ သူ့ကဆက်ပြောပါတယ်။
အရင်နှစ်တွေကတော့ အကယ်ဒမီထူးချွန်ဆုနဲ့အတူ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကိုပါ တစ်ပါတည်း ချီးမြှင့်ခဲ့ပေးလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ ၁၀၂ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ မြန်မာ့ရုပ်ရှင်တစ်သက်တာ ဂုဏ်ပြုဆုကို အကယ်ဒမီများရှင် ညွန့်ဝင်းနဲ့ အကယ်ဒမီ အောင်လွင်တို့ကို ပေးအပ်ပြီးဖြစ်တဲ့အတွက် လာမယ့် အကယ်ဒမီပေးပွဲမှာတော့ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို ထည့်သွင်းပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၉၇ ကားရှိခဲ့ပြီး အကယ်ဒမီဆန်ကာတင်စာရင်း၀င် ရုပ်ရှင်ဇာတ်ကား ၂၉ ကားကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ၂၀၂၀ ပြည့်နှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ကမ္မဖလ၊ ၃(က)၊ မိုက်မဲချစ်၊ မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်၊ ပျံကျ ကူလီ၊ ရွာကျော်မိကဲ၊ မြက်နု၊ ဂန္ဓဗ္ဗ၊ သောင်းထိုက်ကကြားစေသား၊ မြန်မာပေါကားတွေရပ်၊ လှည့်စားကြသူများ၊ မြမြ၊ ရွှေမင်းသမီး၊ အချစ်ဖြင့်လွမ်းစေ၊ နှင်းဆီရဲတိုက်၊ ကိုပေါ၊ ရွာဇော်ကြီး၊ လေဒီဒိန်းဂျား၊ ပိတောက်ကတဲ့ ဂီတ၊ ကမ္ဘာကျော်ရုပ်ရှင်နဲ့ ဥုံဖွ ဇာတ်ကားပေါင်း ၂၁ ကားကို ရုံတင်ပြသခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကလည်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ဝေးမနေချင်ဘူး၊ လိပ်ပြာထောင်ချောက်၊ မှောင်တိုက်၊ အချိုဆုံးအချစ် အပြင်းဆုံးအဆိပ်၊ ကမောက်ကမသမီးယောက်မ၊ မော်ဒန်ချစ်တီး၊ အော်ဂျက်၊ မင်းမနိုင်ရွာ၊ ပုံရိပ်၊ ကျေးညီနောင်၊ တောပေါက်မြို့ပေါက်၊ တစ်ပွဲလုံးဆူလို့ညံလို့၊ ကာလစုံမှတ်တမ်း၊ ရွာခံအုပ်ကြီး၊ ရည်းစားရွေးနည်း၊ ရှင့်ကိုမုန်းတာဆယ့်နှစ်ခါ၊ ဖိတ်ဖိတ်တောက်၊ ငါ့ရဲ့သူရဲကောင်း (My Hero)၊ ကျော်ကြီးက ချစ်တတ်တယ်နဲ့ ရမ်ဘိုလာပြီ ဇာတ်ကားတွေကို ပြသခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အကယ်ဒမီ အကဲဖြတ် စိစစ်ရေးအဖွဲ့တွေက ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်က ရုပ်ရှင်ဇာတ်ကား ၄၁ ကို ကြည့်ရှုအကဲဖြတ်နေလျှက်ရှိရာ ဇာတ်ကားပေါင်း ၂၀ ကျော်ကြည့်ရှုခဲ့ပြီး ကျန်ရှိနေတဲ့ ကားတွေကို ဆက်လက် ကြည့်ရှုစိစစ်နေတယ်လို့ သိရပါတယ်။