လက်နက်မပါသည့် သာမန်အရပ်သားအား ပစ်ခတ်တိုက်ခိုက်သည်မှာ ရေးဘီးလူး PDF အဖွဲ့ဖြစ်
MT News
မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ဆေးကုသရန်သွားရောက်သည့် မော်တော်ယာဉ်တစ်စီးအား PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် လက်နက်မဲ့အပြစ်မဲ့ အရပ်သား ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ဦးလွင်မိုးအေးသည် ၎င်း၏ညီမဖြစ်သူ မဇင်မိုးအေးနှင့် တူဖြစ်သူ မောင်အောင်ဇာနည်ဟိန်း(၈)နှစ်တို့နှင့်အတူ ရေးမြို့တွင် ဆေးကုသရန် သွားရောက်စဉ် ကံလှကျေးရွာအနီးသို့အရောက်၌ PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးလွင်မိုးအေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မဇင်မိုးအေးနှင့် မောင်အောင်ဇာနည်ဟိန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း နှင့် PDF များသည် မော်တော်ဆိုင်ကယ်များဖြင့် စုံပဒေါက်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံးသူ၏ ရုပ်အလောင်းအား ရေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာ ၂ ဦးအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
လက်နက်မဲ့ပြည်သူဦးလွင်မိုးအေးကို ချောင်းမြောင်းပစ်ခတ်သည့် PDF အဖွဲ့များမှာ ရေးဘီလူး PDF အဖွဲ့ဖြစ်ပြီး ရေးဘီလူး၏ အကောင့်တွင် ဦးလွင်မိုးအေးအား ချဲဒိုင်ဖြစ်ကြောင်း လခရများကို သတင်းပေး၍သတ်ဖြတ်ခြင်းဖြစ်ကြောင်းလည်း အပုပ်ချစွပ်စွဲထားသည်။