MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ်၊ မောင်းခရိုင်အတွင်း စွန့်ပစ်ထားခြင်းခံရသော ပစ်ကပ်ကားတစ်စီးအတွင်း ပြွတ်သိပ်လိုက်ပါလာကြသော မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၃ ဦးအား မတ်လ ၁၆ ရက် နံနက်အစောပိုင်းနာရီများက ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ ပစ်ကပ်ကား ဝဲဘက်နောက်ဘီး၏ တာယာပေါက်ကွဲပြီးနောက် ယာဉ်မောင်းက ကားကိုထားခဲ့ကာထွက်ပြေးသွားခြင်းဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့သည်။
မသင်္ကာဖွယ်ရာပစ်ကပ်တစ်စီးကို ကန်ချနာဘူရီ- ဆိုင်ယောက် လမ်းမကြီးပေါ်တွင် ရပ်လျက်တွေ့ရကြောင်း၊ ကားအနောက်ဘက်ကို အလုံပိတ်ထားကြောင်း မတ်လ ၁၆ ရက် နံနက် ၃ နာရီခွဲတွင်အကြောင်းကြားလာ၍ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အမျိုးသားနှင့် အမျိုးသမီး ၃၃ ဦးကို ကားနောက်ဘက်အလုံပိတ်ခန်းအတွင်း စုပြုံလျက် ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ထိုပစ်ကပ်ကားက ကန်ချနာဘူရီ မှတ်ပုံတင်လိုင်စင်ဖြစ်ကြောင်းလည်းစစ်ဆေးတွေ့ရှိခဲ့ကြသည်။ ဖမ်းဆီးမိသူအားလုံးမှာမြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောခဲ့သည်။ ယာဉ်မောင်းကိုမူရဲတပ်ဖွဲ့က တွေ့ရှိခြင်းမရှိတော့ချေ။
စစ်ဆေးချက်များအရ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များက ကားကိုထိုင်းလူမျိုးတစ်ဦးက ရာဂျာဘတ်- ကန်ချနာဘူရီလမ်းအတိုင်း မောင်းခရိုင်အတွင်းရှိ မြို့ရှောင်လမ်းကို ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ ၎င်းတို့က နယ်စပ်ကိုဖြတ်ကာ ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာခဲ့ကြောင်းလည်း ဝန်ခံခဲ့ကြသည်။ ထိုင်း ယာဉ်မောင်းက ကားကိုမောင်းလာစဉ် စစ်ဆေးရေးဂိတ်တစ်ခုကိုအတွေ့၌ ‘ဂ’ ကွေ့ကာပြန်လှည့်မောင်းခဲ့စဉ် နှစ်ကီလိုမီတာခန့်အရောက်၌ ကားဝဲဘက်နောက်ဘီး ရုတ်တရက်ပေါက်ခဲ့ရာ ယာဉ်မောင်းမှာထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။
ဖမ်းဆီးမိသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အားလုံးကို မောင်းခရိုင်ရဲတပ်ဖွဲ့စခန်းသို့ခေါ်ဆောင်သွားပြီး ဥပဒေကြောင်းအရဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
Ref–Bangkok Post