ယခင်တွေ့ခဲ့သည်မှာ Ring Well ဖြစ်ပြီး ယခုတွေ့သည်မှာ Terracott ပိုက်စနစ်ဖြစ်ဟု ရှင်းပြ
MT News
ပုဂံတွင် မြေကိုမီးဖုတ်ကာ အိုးပုံစံများချိတ်ဆက်၍ ရေပိုက်အဖြစ် အသုံးပြုခဲ့ကြောင်း အထောက်အထားသစ် တွေ့ရခြင်းနှင့် ပတ်သက်၍ အွန်လိုင်းတွင် ဝေဖန်မှုများရှိနေသည့်အပေါ် အဆိုပါဝေဖန်မှုများမှာ မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သို့ ရှင်းလင်းပြောကြားသည်။
ပုဂံခေတ်တွင် နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုကဲ့သို့ မြေမီးဖုတ်အိုးပုံစံ အလုံးများဆက်ကာ ရေပိုက်အဖြစ် အသုံးပြုခဲ့ကြောင်း အထောက်အထားသစ်ကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ညောင်လက်တစ်ဖက်ကန်မှ ပုဂံခေတ် ရေလွှဲပေါက် သို့မဟုတ် ရေကျော်ပေါက်ကို တူးဖော်သုတေသနလုပ်ရာတွင် တွေ့ရှိရခြင်းဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အလားတူပိုက်မျိုးကို ၂၀၀၃ ခုနှစ် အတွင်းကပင် ပုဂံနန်းတော်ရာ တူးဖော်စဉ်ကတွေ့ရပြီးဖြစ်ကြောင်းနှင့် အထောက်အထားသစ် မဟုတ်ဟု အွန်လိုင်းတွင် ပြောကြားမှုများရှိနေသည့် အပေါ် ဦးကျော်မျိုးဝင်းက MT News သတင်းဌာနကတစ်ဆင့် ထပ်မံ ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“သူတို့မှားနေတာက ၂၀၀၃ ခုနှစ်က တူးခဲ့တုန်းကလည်း ကျွန်တော်တို့ပါတယ်။ အဲဒီတုန်းက တူးခဲ့တုန်းက ရတဲ့ ရေထုတ်မြောင်းတွေက အုတ်နဲ့စီထားတာ။ Terracotta ပိုက်တွေ မဟုတ်ဘူး။ Terracotta ကွင်းတွေတော့ ရပေမယ့် ရေတွင်းလိုလုပ်ထားပြီး ဒေါင်လိုက်ဆက်ထားတဲ့ဟာတွေ့တယ်။ အဲ့ဒါက Tube မဟုတ်ဘူး။ Ring Well လို့ ခေါ်တာပေါ့။ Storage လုပ်တဲ့ဟာ။ အခု ကျွန်တော်တို့ တွေ့တာက Terracott ပိုက်။ နိုင်းမြစ်ဝှမ်းယဉ်ကျေးမှုမှာ အများကြီးတွေ့တယ်။ အဲဒါမျိုးစနစ်” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။
လက်ရှိတွေ့ရှိခြင်းမှာ မြေမီးဖုတ်ပိုက်ဖြစ်ကာ ကန်မှရေကို စစ်ထုတ်၍ ပြင်ပသို့ သယ်ယူရာတွင် ပိုက်အဖြစ် အသုံးချခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ရှိမှုမှာ ပုဂံတွင် ပထမဆုံး တွေ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်မံရှင်းပြသည်။
“ဒီပိုက်က ၃၇ စင်တီမီတာ အရှည်ရှိပါတယ်။ တစ်ဖက်ကျယ် တစ်ဖက်ရှူးပုံစံကို ချိတ်ဆက်ပြီးတော့ သုံးတာပေါ့။ ကျွန်တော်တို့က တူးဖော်သုတေသနလုပ်တာမှာ ၂၇ ရက် ၂ လပိုင်းမှာ စတူးပါတယ်။ ၃ လပိုင်းထဲ တွေ့ပါတယ်။ အဲဒီဟာက တူးဖော်ရေး တဝက်လောက်ကျတဲ့ အချိန်နောက်ဆုံး သုံးလေးရက်လောက်မှာ တွေ့တာပေါ့။ အဆောက်အအုံ ပုံစံကြီးကတော့ တွေ့ထားပြီးသားပါ။ ပိုက်ကတော့ တဖြေးဖြေးဖော်လိုက်တော့ ပေါ်လာတာပါ။ မြေမီးဖုတ်အိုးပုံစံ ဖော်လာတဲ့ အခါမှာ ကျွန်တော်တို့ စနစ်တကျ တူးပါတယ်။ တူးရင်းနဲ့ တဖြေးဖြေးမှ ဖော်တော့ ပိုက်ဆိုတာ သိရတာပါ” ဟု ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးလှညွန့်က ပြောသည်။