၁၆. ၃. ၂၀၂၃
Written by Nay Moe
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းအတွက် ကုမ္ပဏီတစ်ခုတည်းအား မြေဧက ၄၀၀ ကျော် ခွင့်ပြုပေးသဖြင့် ပွင့်လင်းမြင်သာမှုမရှိကြောင်းနှင့် နိုင်ငံ့အတွက် ကျပ်ဘီလျံရာချီနစ်နာနိုင်ကြောင်း အဆိုပါစီမံကိန်းကို သိရှိသူလုပ်ငန်းရှင်တချို့က ပြောသည်။
ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေနေရာသည် ပဲခူးတိုင်းဒေသကြီး ဘောနတ်ကြီးရွာအနီးတွင်တည်ရှိကာ စင်ကာပူမှ လာရောက်လုပ်ကိုင်နေသည့် ဧက ၁၈၀ ကျော်သာရှိသော I Land Myanmar စီမံကိန်း၏ဘေးတွင် တည်ရှိသည်။ အဆိုပါ မြေနေရာမှာ ယခင်က သစ်တောမြေအဖြစ်စိုက်ပျိုးခွင့်ပြုထားသည့်မြေနေရာဖြစ်ပြီး ယခင် NLD အစိုးရဟောင်းလက်ထက်တွင် အမှန်တကယ်စိုက်ပျိုးခြင်းမရှိသဖြင့် ပြန်လည်သိမ်းယူခဲ့ပြီးနောက် ယခင်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းအဖြစ် Swiss Challenge ခေါ်ယူရန် စီစဉ်နေချိန်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် လုပ်ငန်းများရပ်တန့်သွားခဲ့သည်။ ထိုသို့ရပ်တန့်သွားခဲ့သော်လည်း လက်ရှိအချိန်တွင် အဆိုပါ ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေနေရာမှာ ဦးစိုင်းဟန်နော်ဖ အမည်ဖြင့် ၂၄၀ ဒသမ ၅၆ ဧကနှင့် ဒေါ်နန်းဝိုးနွမ်းခမ်းအမည်ဖြင့် ဧက ၂၀၀ ရှိနေကာ အဆိုပါပုဂ္ဂိုလ်နှစ်ဦးမှာ ဟန်ဝင်းထွန်းကုမ္ပဏီမှ ဒါရိုက်တာများလည်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စက်မှုလုပ်ငန်းစီမံကိန်းမြေအဖြစ် လုပ်ပိုင်ခွင့်ချထားပေးရာတွင် တင်ဒါခေါ်ယူခြင်းမရှိခြင်း၊ Swiss Challenge ခေါ်ယူခြင်းများမရှိခြင်းနှင့် ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေဧက ၄၀၀ ကျော်ကို ကုမ္ပဏီတစ်ခုတည်းက ထိန်းချုပ်သွားခြင်းမှာ ယခင်အစိုးရများလက်ထက် မြေလက်ဝါးကြီးအုပ်သူများကြောင့် စက်မှုဇုန်မြေစျေးများ အဆမတန်မြင့်တက်ကာ စျေးကစားမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်ကြုံစေမည့်အပြင် စိုက်ပျိုးမြေအဖြစ်မှ ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေအဖြစ် ပြောင်းလဲလာမှုကြောင့် စျေးနှုန်းများလည်း မြင့်တက်စေမည်ဖြစ်သည့်အတွက် နိုင်ငံတော်က ကျပ်ဘီလျံဆယ်ရာချီ နစ်နာနိုင်ကြောင်း ပဲခူးမြို့မှလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဧက ၄၀၀ ကျော်ကို ကုမ္ပဏီတစ်ခုတည်းပေးလိုက်တယ်။ စိုက်ပျိုးမြေကနေ စက်မှုလုပ်ငန်းနယ်မြေဖြစ်သွားချိန်မှာ တစ်ဧကကို သိန်းထောင်ချီပေါက်စျေးဖြစ်လာတယ်။ နိုင်ငံတော်အတွက်လည်း ဘီလျံရာချီနစ်နာသလို ဦးဖြိုးမင်းသိန်းလက်ထက် ကုမ္ပဏီတစ်ခုတည်းကို YP ဆီဆိုင်မြေနေရာတွေ ပေးလိုက်သလိုမျိုး၊ ဦးလှစိုးတို့ အဂတိလိုက်စားပြီး မြေတွေပေးလိုက်သလိုမျိုး ဘီလျံဆယ်ရာချီနစ်နာသွားတယ်” ဟု ယင်းကဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီးဦးတင်ဦးအား MT News သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ဦးတင်ဦးက “အဲဒီသတင်း မမှန်ကန်ပါဘူးခင်ဗျ။ ကျွန်တော်တို့သဘောနဲ့ ကျွန်တော်တို့ ပေးလို့မရပါဘူး ခင်ဗျ။ မြေယာစီမံခန့်ခွဲမှုပါ။ အဲဒါတွေတော့ ကျွန်တော်မသိဘူး။ သတင်းမှားပါတယ် ခင်ဗျ။ ကျွန်တော်တို့လက်ထက်မှာ ဘာမြေမှ ချပေးတာ မရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “SAC အစိုးရလက်ထက်တွင် ပြည်နယ်နှင့် တိုင်းအားလုံး စက်မှုဇုန်လုပ်ဆောင်ရမည်”ဟု ပြောကြားထားပြီး လက်ရှိအချိန်တွင် ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေမှာ ထိုသို့ ကုမ္ပဏီတစ်ခုတည်းက လုပ်ငန်းရရှိသွားခြင်းဖြစ်သည်။ MT News သတင်းဌာနအနေဖြင့် အဆိုပါ ဘောနတ်ကြီးစက်မှုလုပ်ငန်းစီမံကိန်းမြေနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေကာ ဟန်ဝင်းထွန်းကုမ္ပဏီကိုလည်း ဆက်သွယ်ရန် ကြိုးပမ်းနေပြီး ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။