၁၄. ၃. ၂၀၂၃
Written by Naing Thuta
ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးအား သူခိုးက ဓားဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်အထိ ခုတ်သတ်ထားမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ မတ်လ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်း၊ ၁၁၄ လမ်းနှင့် ၁၁၅ လမ်း ကြားရှိ ရွှေလရောင်ကုန်စုံဆိုင်ပိုင်ရှင် အသက် ၄၇ နှစ်အရွယ်အမျိုးသမီးသည် ဓားခုတ်ဒဏ်ရာပရပွဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ အခင်းဖြစ်နေအိမ်ကုန်စုံဆိုင်အတွင်း သေဆုံးနေကြောင်း သိရသည်။
“ဘယ်အချိန်ကတည်းက သတ်ခံထားရလဲတော့မသိဘူး။ သေတဲ့သူက ကုန်စုံဆိုင်ဖွင့်ထားတော့ စျေးဝယ်သူတစ်ဦးက စျေးဝယ်ဖို့သွားရင်း ခေါ်တာမရလို့ ဝင်ကြည့်တော့ ဓားခုတ်ဒဏ်ရာပရပွနဲ့ သေနေတာကိုတွေ့လို့ သက်ဆိုင်ရာကိုအကြောင်းကြားလိုက်တယ်လို့ ပြောတယ်။ သိရသလောက်ကတော့ အဲဒီအမျိုးသမီးက တစ်ယောက်ထဲနေတာ။ ပြီးတော့ မနက်တိုင်း လမ်းထလျှောက်တတ်တယ်။ လမ်းလျှောက်ပြန်လာပြီးအပြန်မှာ သူ့ဆိုင်ထဲ သူခိုးဝင်ခိုးတာနဲ့တိုးပြီး အခုတ်ခံရတာပဲဖြစ်မယ်။ သူက အနေအေးတယ်။ ရပ်ကွက်ထဲ ဘာရန်ငြိုးမှရှိတယ်တော့မကြားမိဘူး” ဟု အခင်းဖြစ်ရာအနီးတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါအမျိုးသမီးအား မည်သူကခုတ်သတ်သွားသည်ဟု ယခုအချိန်ထိ မသိရှိရသေးသော်လည်း သတ်ဖြတ်သွားသူသည် လူမဆန်စွ ာရက်ရက်စက်စက်မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့အား ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ ခုတ်သတ်သွားကြောင်းနှင့် အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။
ယင်းအခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ တရားခံအားဖော် ထုတ်ရေးနှင့် ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။