Written by Hey Mar
၁၄. ၃. ၂၀၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ကျောက်ဖျာကျေးရွာ၊ ရှင်ကဇိန်ဘုန်းကြီးကျောင်းဝင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့မြေကြီးဝင်ချသည့် မြေသယ်ကားမှာ နောက်တွဲဂျိုက်အား ပြန်မချဘဲ နောက်ဆုတ်ပြီး ပြန်ထွက်ရာမှ ဘုန်းကြီးကျောင်းမုခ်ဦးနှင့်ချိတ်မိပြီး မုခ်ဦးပြိုကျကာ ယာဉ်မောင်းပိမိသေဆုံးမှု မတ်လ ၁၃ ရက်နေ့လယ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နေ့လည်ခင်း ၂ နာရီလောက်မှာဖြစ်သွားတာ။ ကျောင်းလမ်းမြေပြင်နေတာကို မြေဖို့,ဖို့အတွက် မြေဝင်ချတဲ့ကား။ နောက်တွဲကို ထောင်ပေးပြီးတော့ အလုပ်သမားတွေ မြေကြီးချနေတုန်း သူက ကားခေါင်းခန်းထဲ ထိုင်နေတယ်ဆိုလား သီချင်းဖွင့်မှိန်းနေတယ်ဆိုလား။ သူ့အနားအလုပ်လုပ်တဲ့ အလုပ်သမားတွေပြောပြကြတာ။ ပြီးပြီဆိုတော့ ချက်ချင်းပြန်အထွက် ဂျိုက်မချဘဲမောင်းထွက်လာတာ။ မုခ်ဦးနဲ့ငြိပြီး မုတ်ဦးပြိုကျတာ ပိပြီးသေတာပါ။ နေရာတင်ပွဲချင်းပြီးပါ။ ခေါင်းကွဲ၊ လည်ပင်းကျိုး၊ ခါးရိုးကျိုး ဒဏ်ရာတွေနဲ့သေတာပါ။ မုခ်ဦးက အုတ်ခဲအတန်းကြီးကို ဖယ်လို့မရတဲ့အတွက် လူထုတ်ဖို့ခက်ခက်ခဲခဲကြိုးစားလိုက်ရတယ် ” ဟု ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မြိတ်မြို့၊ ကျွန်းစုမြို့နယ်၊ ကတ်တလူကျေးရွာနေသူ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ယာဥ်မောင်း ကိုချမ်းငြိမ်းအောင် သေဆုံးခဲ့ပြီး ရုပ်အလောင်းအား ၅/၁၀၀ စစ်ဆေးရုံ၊ ရင်ခွဲရုံသို ဖြူစင်မေတ္တာပရဟိတအသင်းမှကူညီ၍ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။