၁၄.၃.၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ် မတ်လအတွင်း၌ Silicon Valley Bank နှင့် Signature Bank ကဲ့သို့သော ဘဏ်ကြီးများ ၄၈ နာရီအတွင်း ဆက်တိုက်ပြိုလဲခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်၏ ငွေကြေးစနစ်မှာစိတ်ချခိုင်မာရမှုရှိပါကြောင်း ထပ်မံအာမခံခဲ့သော်လည်း မတ်လ ၁၃ ရက်တွင် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ ဘဏ်များ၌ အစုရှယ်ယာများ ထိုးကျလာခဲ့ကြောင်း သိရသည်။
အမေရိကန်ဘဏ်ကြီးများပြိုလဲခဲ့ပြီးနောက် ဘဏ်များ၏အာဏာပိုင်များကလည်း အများပြည်သူအပ်ငွေများကို ကာကွယ်ပေးရန်ဆောင်ရွက်နေစဉ်မှာပင် ဤသို့ဘဏ်အပ်ငွေများ ကျဆင်းမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒန်ကမူ အမေရိကန်ဘဏ်စနစ်အား အကာအကွယ်ပေးရန် လိုအပ်သည်များဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် ကမ္ဘာတစ်ဝန်းရှိဘဏ်ကြီးများ၏ အစုရှယ်ယာရင်းနှီးမြှုပ်နှံသူများအဖို့မူ အမေရိကန်ဘဏ်ကြီးများ ဤကဲ့သို့ ပြိုလဲမှုဂယက်၏ ရိုက်ခတ်မှုကိုခံရနိုင်သည်ကို စိုးရိမ်လာကြပြီးနောက် အစုရှယ်ယာများတန်ဖိုး ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံမှ Santander Bank နှင့် ဂျာမနီနိုင်ငံ၏ Commerzbank တို့တွင် မတ်လ ၁၃ ရက်၌ ၎င်းတို့၏အစုရှယ်ယာများ ၁၀ ရာခိုင်နှုန်းစီ ကျဆင်းလာခဲ့ကြကြောင်း ပြောခဲ့ကြသည်။ အမေရိကန်သမ္မတက အကာအကွယ်ပေးသွားမည်ဟု ကတိများပေးနေသော်လည်း အမေရိကန်ရှိဘဏ်ငယ်များမှာလည်း ဘဏ်ကြီးများပြိုလဲမှုကြောင့် ၎င်းတို့တွင် ဆုံးရှုံးမှုများက ဥရောပဘဏ်များထက်ပင် ဆိုးဝါးလိမ့်မည်ဟု ခန့်မှန်းကြသည်။
သမ္မတဘိုင်ဒန်က မတ်လ ၁၀ ရက်တွင် ပြိုလဲခဲ့သော Silicon Valley Bank ၌ အပ်နှံထားသော ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏အပ်ငွေများကို အစိုးရအနေဖြင့် ကာကွယ်မှုပြုပြီးနောက် မတ်လ ၁၃ ရက်တွင် ပြန်လည်ထုတ်ယူနိုင်ကြပြီဟု ပြောခဲ့သည်။ သို့သော် ပြိုလဲမှုဖြစ်ပွားပြီးနောက် ဘဏ်အနေဖြင့် အွန်လိုင်းမှ ငွေလွှဲပြောင်းပေးမှုများ မရှိတော့သည့်အတွက် အဆိုပါဘဏ်များတွင် အပ်ငွေထုတ်ယူသူများ တစ်နေ့လုံးပင် တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ကြရသည်။
Ref-BBC