၁၄. ၃. ၂၀၂၃
Written by Nyein Kyaw
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း၏ သံမဏိယက်မများ တပ်ဆင်ချိန်တွင် ကမ်းနားလမ်းသစ်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ကြေညာထားသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp B တံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိယက်မများ တပ်ဆင်ချိန်၌ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ် စံပယ်ထိပ်ကြားအပိုင်းအား ယာယီပိတ်ထားမည်ဖြစ်သည်။
သံမဏိယက်မများ တပ်ဆင်ခြင်းလုပ်ငန်းများကို မတ်လ ၁၈ ရက်၊ မတ်လ ၁၉ ရက်၊ မတ်လ ၂၃ ရက်၊ မတ်လ ၂၅ ရက်နှင့် မတ်လ ၂၇ တို့တွင် ဆောင်ရွက်မည်ဖြစ်၍ ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာများ၊ ကုန်တင်ယာဥ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကို အသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိပေးကြေညာထားသည်။
အဆိုပါ ဒလတံတားသည် အရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိပြီး လေးလမ်းသွားတံတား ဘိုးပိုင်အုတ်မြစ်သံကူကွန်ကရစ် ကိုယ်ထည်နှင့် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ ခံနိုင်ဝန် ၇၅ တန်အထိရှိသည်။ ဒလတံတား တည်ဆောက်မှုစီမံကိန်းကို ယခုနှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးရန်လျာထားပြီး ၂၀၂၄ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာမှ သိရသည်။
အဆိုပါတံတားပြီးစီးပါက ရန်ကုန်မြို့မှတစ်ဆင့် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်များသို့ သွားလာနိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း ယာဥ်ကြောပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။