၁၄. ၃. ၂၀၂၃
Written by Nay Aung
တောင်ကိုရီးယားနိုင်ငံတွင် ဒုက္ခသည်အဖြစ်နေထိုင်လျက်ရှိနေသော ကရင်လူမျိုး အဆိုတော်တစ်ဦးဖြစ်သည့် နော်မာသထူးဝါး (Wan Yihawa) သည် တောင်ကိုရီးယားနိုင်ငံ Gyeonggi မီးသတ်ဌာန၏ ပြည်သူဆက်ဆံရေးသံတမန်အဖြစ် ခန့်အပ်ခံလိုက်ရကြောင်း သိရသည်။
အသက် ၁၅ နှစ်အရွယ်ရှိ ကရင်အမျိုးသမီးသည် ပြီးခဲ့သော ၆ နှစ်ကျော်က တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာခဲ့ပြီးလက်ရှိအချိန်တွင် ဒုက္ခသည်အဖြစ် အသိမှတ်ပြုခံထားရကြောင်း သိရသည်။ ၎င်းသည် လက်ရှိအချိန်တွင် မိဘနှစ်ပါး ဆုံးရှုံးသွားခဲ့ပြီးနောက် မောင်ငယ်နှစ်ဦးကို ပြုစုစောင့်ရှောက်နေရသူဖြစ်ပြီး Yongin Joongang Yedalm အထက်တန်းကျောင်းတွင် ကျောင်းတက်နေသူဖြစ်ကြောင်းသိရသည်။
“ကျွန်မဟာ လက်ရှိအချိန်မှာ Gyeonggi-do ဒေသမှာ နေထိုင်နေရတဲ့ နိုင်ငံသားတစ်ဦးအဖြစ်နဲ့ ကျောင်းတက်ရောက်နေပါတယ်။ လက်ရှိအချိန်မှာ မီးသတ်ဌာနအတွက် အများပြည်သူဆက်ဆံရေးအတွက် ဂုဏ်ထူးဆောင်သံတမန်ခန့်အပ်ခံရလို့ အလွန်အမင်း ဂုဏ်ယူပါတယ်။ ကျွန်မဟာ မီးသတ်ဌာနနဲ့ပတ်သက်တဲ့ အများပြည်သူ ဆက်ဆံရေး လှုပ်ရှားမှုတွေကို အမှန်တကယ် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နော်မာသထူးဝါးက ဆိုသည်။
Gyeonggi ဒေသသည် တောင်ကိုရီးယားနိုင်ငံရှိဒေသများအနက် လူသိများထင်ရှားသောဒေသတစ်ခုဖြစ်ပြီး လူဦးရေအနည်းဆုံး ၁၃ ဒသမ ၄၁ သန်းကျော်ရှိနေကြောင်းသိရသည်။ Gyeonggi မီးသတ်ဌာန အကြီးအကဲ Cho Seon-ho က ” မီးသတ်ဌာနရဲ့ဂုဏ်ထူးဆောင် အများပြည်သူဆက်ဆံရေး သံတမန်ခန့်အပ်မှုကိုလက်ခံခဲ့တဲ့ နော်မာသထူးဝါးကို အများကြီးမျှော်လင့်ထားတယ်။ ကမ္ဘာကြီးနဲ့ Gyeonggi-do ဒေသရှိ ပြည်သူများကို အသားရောင်ခွဲခြားမှုမရှိ၊ နယ်စည်းခြားခြင်းမရှိဘဲ ဘေးကင်းရေးအတွက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်” ဟုပြောသည်။
ကရင်ဒုက္ခသည်အမျိုးသမီးငယ်သည် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့သော Trot Audition သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး လူအများကို ဆွဲဆောင်နိုင်ခဲ့ပြီးနောက် အဆိုတော်တစ်ဦးအဖြစ် တက်ကြွစွာလုပ်ဆောင်နိုင်ခဲ့သူဖြစ်ကာ ပြီးခဲ့သောနှစ်အကုန်တွင် မှတ်တမ်းရုပ်ရှင် အစီအစဉ်၌ပါဝင်ခဲ့ရာ ပိုမိုလူသိများထင်ရှားခဲ့ကြောင်းသိရသည်။ နော်မာသထူးဝါးသည် တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေသောနိုင်ငံခြားသားများထဲတွင် ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပထမဆုံးအကြိမ်ခန့်အပ်ခံရသူဖြစ်ကြောင်းသိရသည်။
ref —- safetoday