MT News
Written by Min Mahar
ကျေးရွာအတွင်း မီတာခများလိုက်လံကောက်ခံပေးနေသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦး အသတ်ခံရမှု မြင်းခြံမြို့နယ်တွင် မတ်လ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျီးပင်ကန်ကျေးရွာသို့ မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက PDF အဖွဲ့ဝင် ၇ ဦးသည်ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီးကျေးရွာတွင်းရှိ နေအိမ်အသီးသီး၌နေထိုင်နေကြသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီးကြီးတို့အား ခေါ်ဆောင်သွားကာ ကျီးပင်ကန်ကျေးရွာမြောက်ဘက်အထွက်နေရာအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာအသီးသီးဖြင့်သေဆုံးသွားကြောင်းသိရသည်။
“အသတ်ခံရတဲ့ သုံးယောက်လုံးက တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးသူများဖြစ်တဲ့အပြင် ကျေးရွာမီးလင်းရေးကော်မတီမှာလည်းပါတဲ့အတွက်မို့ ရွာထဲကမီတာခတွေကို လိုက်လံကောက်ခံပေးနေလို့ အခုလိုသတ်သွားကြတာဖြစ်မယ်”ဟု ရွာခံတစ်ဦးက ဆိုထားသည်။
ယင်းကဲ့သို့ အသတ်ခံရမှုကြောင့် အသက် ၆၅ နှစ်အရွယ်အမျိုးသားကြီးသည် နဖူးကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၂ ချက်၊ ပါးစပ်ကိုလည်းဖောက်ဝင်သောဒဏ်ရာ ၁ ချက်ဖြင့်သေဆုံး၍ အသက် ၄၅ နှစ်အရွယ်အမျိုးသားသည် နဖူးကိုကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးကာ အသက် ၆၅ အရွယ်အမျိုးသမီးကြီးသည်လည်း ဝဲဘက်ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၁ ချက်ရရှိပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အတွက် ဖြစ်စဉ်နေရာအနီးမှ 9 mm Luger ကျည်ခွံ ၇ ခုသိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ ၃ ဦး၏ အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။