MT News
Written by Min Mahar
နွားထိုးကြီးမြို့ရှိ EPC ရုံး၊ မြို့နယ်ထွေအုပ်ရုံးနှင့် စက်မှုလယ်ယာရုံးရှေ့များ၌ ဗုံး ၆ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိမှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ EPC ရုံးအား PDF အဖွဲ့များက Drone ဖြင့် ဗုံးသီး ၃ လုံးချကာ တိုက်ခိုက်သဖြင့် EPC ရုံးဝန်းအနီး ခြံစည်းရိုးအစပ်၌ ကျရောက်ပေါက်ကွဲခဲ့ရာ မီတာစာရေးအမျိုးသားတစ်ဦး ဗုံးစအနည်းငယ်ထိခိုက်မိကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်းနှင့် နံနက် ၁၀ နာရီခွဲဝန်းကျင်လောက်တွင်လည်း အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုံးရှေ့လမ်းပေါ်နှင့် ရုံးဝန်းအတွင်းတို့တွင် ဗုံးသီး ၂ လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ရာ၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးသည် ယာဘက်နားဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)နှင့် အကြီးတန်းစာရေးသည်လည်း ဝဲဘက်ဒူးကိုဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)တို့အသီးသီးရရှိခဲ့ပြီး ရုံးယာဉ်မောင်းတစ်ဦးမှာမူ ဗုံးစများထိမှန်ကာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူပင် နေ့လည် ၂ နာရီထိုးခန့်ကလည်း အမှတ် (၈)ရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာရှေ့၌ ဗုံးတစ်လုံးထပ်မံ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသည့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားသည် လည်ပင်းကို ဖောက်ဝင်ကာဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်သည့်ဒဏ်ရာ ၃ ချက်နှင့် ဝဲဘက်နံကိုဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ ဗုံးတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတော့ လူ ၂ ဦးသေကာ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဆယ်တန်းကလေးတွေ စာမေးပွဲဖြေတာကို အနှောင့်အယှက်ဖြစ်အောင် ကလေးတွေစိတ်ဖြောင့်ဖြောင့်နဲ့မဖြေနိုင်အောင် ဖျက်လိုဖျတ်ဆီးလုပ်တာပဲဖြစ်မယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိကာ ပိတ်ဆို့စစ်ဆေးခြင်း၊ မိုင်းရှင်းလင်းရေးဆောင် ရွက်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။