MT News
Written By Thandar
လေဖြတ်ရောဂါဝေဒနာရှင်ကျောက်ရိုင်းအောင်မြတ်ကို အသုံးချပြီး အလှမယ်ယမုံက လုပ်စားတယ်လို့ ဝေဖန်မှုအပေါ် မျက်နှာစုံညီရှင်းလင်းမှုကို ဒီနေ့ မတ်လ ၁၂ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် ဦးကျောက်ရိုင်းနေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
၇ နှစ်ကျော်ကြာ လေဖြတ်နေတဲ့ အသက် ၈၀ ခန့်အရွယ် သရုပ်ဆောင် (ဦး) ကျောက်ရိုင်းအောင်မြတ် ကျန်းမာရေးအတွက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ အလှမယ်ယမုံက အလှူငွေစတင် ကောက်ခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေ့ အလှူခံတဲ့ နာရီပိုင်းအတွင်းမှာ ကူညီပေးမယ့် ဆရာဝန်ပေါ်လာတဲ့အတွက် အလှူငွေကောက်ခံမှု ရပ်ဆိုင်းခဲ့တယ်လို့ ယမုံကဆိုပါတယ်။ နောက်တော့ ယမုံက မီဒီယာတွေခေါ်လာပြီး ပိုက်ဆံလာလှုပေးပြီး ဖုန်းဆက်ချိန်မကိုင်တော့တာနဲ့ပတ်သက်ပြီး ဦးကျောက်ရိုင်းအောင်မြတ်က အလှမယ်ယမုံနဲ့ ပတ်သက်လို့ မီဒီယာတွေကို အမေးအဖြေလုပ်ကြတာကနေ အထင်အမြင်မှား ပြဿနာတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“အဘက စိတ်နာတာလည်း မရှိဘူး။ စိတ်ဆိုးတာလည်း မရှိဘူး။ အဘကတော့ ဒီအတိုင်းပဲ မေတ္တာစေတနာ မပျက်ပါဘူး ။ အဘမှာ ဒီထပ်ပြောစရာ မရှိတော့ပါဘူး။ စိတ်လည်း မနာဘူး စိတ်လည်း မဆိုးပါဘူး။ အပြစ်လည်း မမြင်ပါဘူး”လို့ လူကြမ်းသရုပ်ဆောင် ဦးကျောက်ရိုင်းအောင်မြတ်ကပြောပါတယ်။
မီဒီယာတွေကနေ အပြန်အလှန်ပြောကြရင်းကနေ နားလည်မှုပိုလွဲပြီး တရားတပေါင်ရင်ဆိုင်မယ်ဆိုတဲ့အဆင့်အထိ ရောက်ခဲ့ကြသလို ဝေဒနာသည်တစ်ယောက်ကိုမှီပြီး လုပ်စားတယ်လို့ဝေဖန်ခံရတဲ့အထိဖြစ်ခဲ့တာကြောင့်လည်း ယမုံရဲ့ အလုပ် အကိုင်တချို့ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။
“မုံတို့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မူလွဲသွားတယ်လို့ ထင်ပါတယ်။ညယမုံက ဖုန်းမကိုင်လို့ လူငယ်စကားပြောသလိုဆို သစ်စိမ်းချိုးသလို ဖြစ်နေလို့ ဖြစ်တယ်ထင်တယ်။ မုံဘက်က ဖြေရှင်းသင့်သလောက် ဖြေရှင်းပြီးပြီ။ အကုန်လုံးလည်း နားလည်မယ်လို့ ထင်ပါတယ်။ မုံကတော့ ပြေပြေလည်လည်ပဲ အဆုံးသတ်ချင်တယ်။ အစောထဲက လူကြီးတစ်ယောက်နဲ့ ပြိုင်မဖြစ်ချင်တဲ့အတွက် ကိုယ့်ကို နားလည်မူလွဲနေတယ်လို့ ထင်လို့ဖြေရှင်းတာဖြစ်တယ်” လို့ အလှမယ်ယမုံက ပြောပါတယ်။
လက်ရှိ Brand Ambassador ကမ်းလှမ်းတာကို ပျက်သွားတဲ့အပေါ် ” ဖြေရှင်းလို့လည်း မရတော့ဘူးပေါ့။ အကုန်လုံးလည်း ပြီးသင့်တာပြီးပြီဆိုတော့။ ဒါပေမယ့် နောက်ဆုံး ယမုံ Chat Box ထဲအထိ လာဆဲနေသူရှိတယ်။ သူတို့သိချင်တာကို Detail ရှင်းပြတော့ မုံကို နောက်ဆုံးပြန်တောင်းပန်သွားကြတယ်။ အမှားအမှန်သိချင်ရင်တော့ ယမုံရဲ့ Chat Box လာပါ ။ အဘလည်း မမှားသလို ယမုံလည်း အရမ်းမမှန်နေဘူး။ ပြဿနာလေး ဒီမှာအဆုံးသတ်မယ်လို့ ထင်ပါတယ်”လို့ ယမုံကဆက်ပြောပါတယ်။
အဓိကအချက်က နှစ်ဦးနှစ်ဘက် နားလည်မူလွဲသွားပြီး ကောလာဟလတွေ ထွက်လာတာကြောင့် နောက်ဆုံးမှာ ပရိသတ်တွေကအစ နားလည်မူလွဲသွားခဲ့ပေမဲ့ လက်ရှိမျက်နှာစုံညီဖြေရှင်းအပြီးမှာ အားလုံးနားလည်သွားမယ်လို့ယူဆကြောင်း ယမုံကပြောခဲ့သလို နောက်ဆုံးမှာလည်း ဦးကျောက်ရိုင်းအောင်မြတ်နဲ့ အလှမယ် ယမုံတို့ အေးအေးချမ်းချမ်း ပြေလည်မှုရရှိသွားကြတယ်လို့ သိရပါတယ်။