MT News
Written by Nay Aung
မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ အတားဆီးမရှိ ကူညီဆောင်ရွက်ခွင့်ပေးသင့်ကြောင်း ဂျပန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်သည်။
ဂျပန်အစိုးရအဖွဲ့ရုံးရှိ Peacekeeping Operations (PKO) ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ကာနို တာကီဟီရိုသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော “Japan- Cambodia cooperation towards peace: Lessons for the global community”ခေါင်းစဉ်ဖြင့် ပြုလုပ်သောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရေးနှင့်ပတ်သက်ပြီး တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်နေသူများကို အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၃ သန်းကျော် ကူညီလှူဒါန်းပေးသွားမည်ဟု ပြီးခဲ့သောလတွင် သတင်းထုတ်ပြန်ခဲ့သည်။ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာပြည်တွင်းပဋိပက္ခများက ပိုမိုခက်ခဲရှုပ်ထွေးလာခဲ့ကြောင်း၊ မြန်မာ့နိုင်ငံရေးအခြေနေက ခက်ခဲသော ပဋိပက္ခဖြစ်ကြောင်းကာနိုတာကီဟီရိုက ပြောသည်။
မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသောနယ်မြေများတွင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် ခက်ခဲကြောင်း၊ နစကအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူညီများကိုဟန့်တားမှုမရှိဘဲ ခွင့်ပြုပေးစေလိုကြောင်း ကာနိုတာကီဟီရိုက ဆိုသည်။
၎င်းက “လက်ရှိအချိန်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များနဲ့ PDF အဖွဲ့များ ကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အကြမ်းဖက်မှု စက်ဝိုင်း ပုံစံမျိုးကို ဖန်တီးနေတယ်။ မြန်မာပြည်တွင်းနိုင်ငံရေး၊ ပဋိပက္ခအခြေနေတွေက ၁၉၇၀ နဲ့ ၁၉၈၀ က ကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများနဲ့ အလားသဏ္ဍန်တူနေတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့တိုက်ခိုက်မှုများနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ခိုက်မှုတွေ လျှော့ချပြီး စေ့စပ်ဆွေးနွေးမှု စားပွဲဝိုင်းပေါ်ကို ပြန်လည်ရောက်ရှိချိန်အထိ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ သံတမန်ရေးလမ်းကြောင်းကတစ်ဆင့် မြန်မာ့နိုင်ငံရေး ပြဿနာကိုဖြေရှင်းနိုင်ရေး မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်ဘူး” ဟုဆိုသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်လမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရန် နိုင်ငံတကာအဖွဲ့စည်းများနှင့်အတူ ပူးပေါင်းကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဂျပန်အစိုးရအပြင် အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ၂၆ သန်း ကူညီပေးမည်ဟု မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။
ref. khmertimes