၁၁. ၃. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံ၏ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှစတင် အာဏာတည်ကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၂/၂၀၂၃ ဖြင့် ကြေညာထားသည်။
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၃)ဖြင့် ပြဋ္ဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် (၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်)တွင် စတင်အာဏာတည်ကြောင်း ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်လိုက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးအတည်ပြုခဲ့သည်။
ကုန်အမှတ်တံဆိပ်ဥပဒေ မကြာမီကာလအတွင်း အသက်ဝင်မည်ဖြစ်၍ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လုပ်ငန်းများ စနစ်တကျ ပြင်ဆင်ထားရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဇန်နဝါရီ ၂၀ ရက်တွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး ဖွင့်လှစ်မည့်နေရာသို သွားရောက်စစ်ဆေးစဉ် ပြောကြားထား သည်။
“မကြာမီကာလအတွင်း ကုန်အမှတ်တံဆိပ် ဥပဒေအာဏာ သက်ဝင်ဆောင်ရွက်တော့မှာဖြစ်လို ကုန်အမှတ်တံဆိပ် မှတ်ပုံ တင်လုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိဖို့လိုအပ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။
အမှတ်တံဆိပ်ကို ဖန်တီးရာတွင် မိမိ၏ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုကို အခြားသောကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခွဲခြားသိရှိစေနိုင်သော အမှတ်အသားဖြစ်ရန် လိုအပ်သည်။
အမှတ်တံဆိပ်ကို ကိုယ်ပိုင်အမည်နာမများ၊ အက္ခရာများ၊ ကိန်းဂဏန်းများ၊ ပုံဖော်ထားသော အစိတ်အပိုင်းများ၊ အရောင်အသွေးပေါင်းစပ်မှုတို့ အပါအဝင် မျက်စိဖြင့်မြင်တွေ့နိုင်သောအရာများ၊ ယင်းအမှတ်အသားတစ်ခုနှင့်တစ်ခု ပေါင်းစပ်၍ လည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ သီးသန့်ဥပဒေတစ်ရပ်အနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ အရ အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ရရှိလိုပါက မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (မှတ်ပုံတင်အရာရှိ)ထံ လျှောက်ထားရမည်ဖြစ် သည်။