၁၁. ၃. ၂၀၂၃
Written by Nay Moe
၂၀၀၉ ခုနှစ်တွင် စွန့်ခွာပြေးခဲ့ရသည့်ကိုးကန့်ဒေသ MNDAA ပြန်လည်ရရှိရေး ရပ်တည်တိုက်ပွဲဝင်ပေးမည်ဟု AA နှင့် TNLA က ယနေ့ကျရောက်သည့် MNDAA ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
ဖုန်ကြားရှင် ဦးဆောင်ပြီး တည်ထောင်ခဲ့သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army-MNDAA) ကို ၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးဒေသ (၁) ဖြစ်လာခဲ့ပြီး “ဝ” UWSP/UWSA၊ “မိုင်းလား” (PSC/NDAA) အဖွဲ့အစည်းများကဲ့သို့ ငြိမ်းချမ်းတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ဒေသတစ်ခုအဖြစ် နှစ်ပေါင်း (၂၀) ကျော်ကြာ ခေတ်ပြိုင်ရပ်တည်နိုင်ခဲ့သည်။
သို့သော်လည်း ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် တပ်မတော်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးသည်ကို လက်မခံခဲ့သောကြောင့်တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးကန့်ဒေသအား စွန့်ခွာပြေးခဲ့ရသည်မှာ ယခုဆိုလျှင် (၁၄) နှစ်နီးပါး ရှိခဲ့ပြီဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ (၁) အဖွဲ့အစည်းသည် FPNCC (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ) အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိအချိန်တွင် MNTJP ဥက္ကဋ္ဌအဖြစ် ဖုန်တာရွှင်မှ ဦးဆောင်ကာ ၎င်းတို့စွန့်ခွာခဲ့ရသော မူလဘူတ ကိုးကန့်နယ်မြေကို MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည်ရရှိရေး ကြိုးပမ်းနေသည်။
ထိုကြိုးပမ်းမှုအတွက် ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် AA နှင့် TNLA ကိုးကန့်ဒေသ MNTJP/MNDAA လက်ထဲသို့ အလုံးစုံပြန်လည် ရရှိရေးလုပ်ငန်းများအပြင် ဘုံစစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်သည့်နေရာများတွင် ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု AA နှင့် TNLA ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။