MT News
Written by Ye Kyaw
ငါးရက်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၁၈ ဒေါ်လာကျဆင်းမှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃,၀၀၀ ခန့်သာကျဆင်းမှုရှိ၍ ယနေ့တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၂,၈၃၆,၀၀၀ ရှိကာ ငွေလဲလှယ်မှုနှုန်းမှာလည်း အနည်းငယ်သာပြောင်းလဲမှုရှိကြောင်း သိရသည်။
ကမ္ဘာ့ရွှေဈေးသည် ယနေ့တွင် တစ်အောင်စ ၁,၈၃၆ ဒေါ်လာသာရှိပြီး မတ်လ ၆ ရက် (တနင်္လာနေ့)နှင့် နှိုင်းယှဥ်ပါက ရွှေတစ်အောင်စကို ၁၈ ဒေါ်လာကျဆင်းခဲ့၍ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၂၅,၀၀၀ ခန့်လျှော့ချသတ်မှတ်ခဲ့သော်လည်း ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၀၀၀ ခန့်သာ ကျဆင်းမှုရှိခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ကျဆင်းခဲ့ပြီး တစ်လအတွင်း ဒေါ်လာ ၁၁၀ အထိ ကျဆင်းခဲ့မှုရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၂၈ သိန်းခွဲဝန်းကျင်မှာပင်ရှိပြီး ရက်အလိုက် အနည်းငယ်သာ အပြောင်းလဲမှုရှိသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၆ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၉,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၈ ကျပ်၊ မတ်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၂,၈၄၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၈ ကျပ်၊ မတ်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၂,၈၃၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မတ်လ ၉ ရက်တွင် ရွှေဈေးနှုန်း ၂,၈၂၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၃ ကျပ် ဖြစ်ပေါ်ခဲ့သည်။