MT News
Written by Ye Kyaw
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဆန်နှင့်ဆန်ကွဲ ဝင်ရောက်မှု လျော့ကျလာခဲ့သော်လည်း အခြားကုန်စည်များ ပုံမှန်အတိုင်း ဝင်ရောက်လျက်ရှိပြီး ဖရဲ၊ သခွားနှင့် ကြံစသည့်ကုန်စည်များ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
“အခြားကုန်စည်တွေက သွားပါတယ်။ ပဲတို့၊ ပြောင်းတို့၊ နှမ်းတို့၊ ရေထွက်ပစ္စည်တို့၊ ရော်ဘာတို့၊ ဖရဲသီးတို့၊ သခွားသီးတို့၊ ကြံတို့၊ စားသောက်ကုန်တို့ ဒါတွေက အများဆုံးသွားတာက ကြံနဲ့ ဖရဲ၊ သခွားက အများဆုံးသွားတယ်။ တစ်နေ့ကို ကားအစီးရေ ၂၀၀ ကျော်လောက် နေ့စဥ်ဝင်တာကို တွေ့ရပါတယ်” ဟု မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
ယခင်က ကြံတစ်တန်ကို ကျပ် ၆၀,၀၀၀ သာရှိခဲ့ရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကြံတစ်တန်ကို ကျပ် ၉၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကြံရာသီတွင် အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖရဲ၊ သခွား ဈေးနှုန်းများမှာ ဖရဲအကြား ၅ ဒသမ ၈ ယွမ်၊ ထဲန်ဝမ် ၆ ဒသမ ၅ ယွမ်နှင့် ရွှေ ၈ ယွမ်ရှိပြီး အလယ်အလတ်သီးနှင့် အပယ်အလွတ်ရောင်းရသည့် ဖရဲများလည်းရှိသည်။ လက်ရှိတွင် ဝယ်လိုအား မြင့်တက်နေသည့်အတွက် ဈေးကွက်ခိုင်မာမှုရှိနေကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် သစ်သီးကား ၈၄ စီး၊ ပဲကား ၄၆ စီး၊ ကြံကား ၁၅ စီး၊ ကြက်သွန်ကား ၁၃ စီး၊ ပြောင်းကား ၅ စီး၊ ဝါဂွမ်းကား ၇ စီး၊ ငါးရှဥ့်ကား ၄ စီး၊ ဂဏန်းကား ၆ စီး အပြင် အခြားသော စားသောက်ကုန်ကားများ ဝင်ရောက်မှု စုစုပေါင်းကားအစီးရေ ၂၀၀ ကျော်အထိ ဝင်ရောက်ခဲ့ကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရသည်။
မတ်လ ၁ ရက်မှစတင်၍ နယ်စပ်မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန် သတ်မှတ်ခဲ့သဖြင့် ဆန်တစ်အိတ်တင်ပို့တိုင်း ကျပ်တစ်သောင်းကျော် နစ်နာနေသည့်အတွက် မူဆယ်နယ်စပ်မှ တရုတ်သို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လက်ရှိတွင် ယာယီရပ်ဆိုင်းထားမှုနှင့် မဖြစ်မနေစာချုပ်လက်ကျန်နည်းငယ်ကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။