MT News
Written by Nay Aung
အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်ငန်းများကို ဆိုင်းငံ့ခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ၏ခရီးသွားလုပ်ငန်း၌ ပါဝင်လုပ်ကိုင်ရန် ပြန်လည်စီစဉ်နေကြောင်း အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံများ၏ ခရီးသွားလုပ်ငန်းများကို အဓိကထားလုပ်ကိုင်နေသော Khiri Travel ကုမ္ပဏီက ထုတ်ဖော်ပြောဆိုလိုက်သည်။
Khiri Travel က ” ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့်လုပ်ငန်းတွေ ပိတ်ခဲ့ရတယ်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်မှုတွေကို နားခဲ့ရတယ်။ ဒါပေမယ့်လည်း ဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်း ထားခဲ့တယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်မှုအခြေနေများကို အသိမှတ်ပြုလက်ခံပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို သွားရောက်မယ့်သူများအတွက် ခရီးသွားလုပ်ငန်းများ စီစဉ်ပေးသင့်တယ်လို့ ယုံကြည်ထားတယ်။ ဒါဟာ ဒေသခံပြည်သူများရဲ့ မျှော်လင့်ချက်နဲ့ ဝင်ငွေရရှိမှုနည်းပါးနေတာတွေကို ကူညီပေးနိုင်ဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံကို ပြည်ပခရီးသွားများလာရောက်ဖို့ စီစဉ်ဆောင်ရွက်တာတွေက နစက နဲ့ သဘောတူညီမှုတွေရရှိခဲ့တယ်လို့ ပြောလို့မရဘူး”ဟုဆိုသည်။
Khiri Travel သည် ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၎င်း၏ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး မြန်မာခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ကာ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လုပ်ငန်းများကို ဆိုင်းငံ့ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန် ပြန်လည်ဝင်ရောက်ရာတွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများအတွက် စီစဉ်ဆောင်ရွက်ပေးရာ၌ နေရာအကန့်သတ်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ မြိတ်ကျွန်းစုစသောနေရာများကို ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း Khiri Travel က သတင်းထုတ်ပြန်ထားသည်။
ref – ttrweekly