၁၀.၃.၂၀၂၃
Written By Thandar
အသက် ၇၇ နှစ်အရွယ်ရှိ ဒါရိုက်တာခင်မောင်ဦး (မောင်မဲ)ဟာ နာတာရှည်လေဖြတ်ရောဂါနဲ့ ယနေ့ မတ်လ ၁၀ ရက်က ပင်လုံဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အစည်းအရုံးဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။
“ဒါရိုက်တာခင်မောင်ဦး ဆုံးသွားတာဟုတ်ပါတယ်။ သူ့ရဲ့ အနုပညာနာမည်ကတော့ မောင်မဲပါ။ သူကတော့ လေဖြတ်ပြီး ရောဂါခံစားနေရတာတော့ တော်တော်ကြာပါပြီ“လို့ ဦးအေးကြူလေးက ပြောပါတယ်။
သူဟာ ရန်ကုန်မြို့ ပင်လုံအထူးကုဆေးရုံကြီးမှာ မတ်လ ၁၀ ရက် နေ့လည် ၁၂နာရီ ၁၅ မိနစ်အချိန်က ဘဝတစ်ပါးကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။
တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကမှာ သရုပ်ဆောင် ဆိုးပေ၊ မောင်မဲဆိုတဲ့ အတွဲလိုက် ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်သရုပ် ဆောင်ခဲ့ရာက လူသိထင်ရှား အောင်မြင်ကျော်ကြားခဲ့ပြီး နောက်ပိုင်းမှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် စတဲ့ အတွဲလိုက် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့ကြပါတယ်။
ဦးမဲဟာ ၁၉၇၀ ခန့်မှာတော့ မင်းသားကြီးကျော်ဆွေဆီကတစ်ဆင့် အနုပညာလောကထဲ စတင်ဝင်လာခဲ့ပြီး ရွှေပြည်စိုး၊ လှံမင်းသားကြီး ဦးစံတင်ဆီကို ရောက်လာခဲ့သလို ဦးခင်မောင်ဦး(ခ)မောင်မဲ၊ ဒါရိုက်တာ စိုးသိန်းထွဋ်(ခ)ဆိုးပေက ဇာတ်ညွှန်းရေးပြီး မောင်မဲ(ခ)ဒါရိုက်တာ ခင်မောင်ဦးက ဒုတိယဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မက္ခရာဓား၊ ဓားငမောက်၊ သားကိုမဆွဲ ဓားကိုဆွဲ၊ ပိုက်ထွေး၊ သွေးသောက်ကျော်စွာ၊ ကျောက်ရိုင်းမာန်၊ ဒိုးကလေးနဲ့ ပစ်တိုင်းထောင်၊ ကိုမဲဇာနဲ့ မေဆွိ အချစ်ဆုံး စတဲ့ ဇာတ်ကားတွေကို ၁၉၇၃ ခုနှစ်ခန့်က ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဦးကြည်စိုးထွန်းက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအနေနဲ့ ဦးဆိုးပေ၊ ဦးမောင်မဲတို့က ‘မြင်းစိုင်းသား’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုတော့ ရိုက်ကူးပြီး ဦးစိုးသိန်း၊ ဦးမောင်မဲ၊ အောင်အောင်တို့က ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါရိုက်တာအနေနဲ့ ခင်မောင်ဦး၊ စိုးသိန်းထွဋ်တို့ ရိုက်ကူးခဲ့တဲ့ မြင်းစိုင်းသားဇာတ်ကားကို ပထမဆုံး အကောင်အထည်ဖော်ခဲ့ပြီး အောင်မြင်မူများစွာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး ဗီဒီယို ဇာတ်ကားပေါင်း ၂၀၀ ကျော်ကို ရိုက်ကူးပုံဖော်ဖန်တီးခဲ့ရာမှာ အောင်မြင်ထင်ရှားခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။
“ကွယ်လွန်သွားတာ ကျွန်တော့်ဆရာပါပဲဗျ။ လေဖြတ်ပြီးတော့ ဝေဒနာခံစားနေရတာ ၁၀ စုနှစ် တစ်စုကျော်ရှိပါပြီ။ လေဖြတ်နေရင်းကနေ လွန်ခဲ့တဲ့ ၄ ရက်လောက်ကမှ အောက်ဆီဂျင်ထိုးကျသွားလို့ ဆေးရုံတင်လိုက်ရတာပါ။ နာတာရှည် လေဖြတ်နေတာလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်ဆရာသမားဆုံးတာ စိတ်မကောင်းဘူး” လို့ တပည့်ဖြစ်သူ ဦးခင်မောင်က MT News ကို ပြောပါတယ်။
ဒါရိုက်တာခင်မောင်ဦးဟာ မြန်မာ့ရုပ်ရှင်လောကမှာ ဒါရိုက်တာ စိုးသိမ်းထွဋ်နဲ့ တွဲဖက်နာမည်ကြီးလူကြိုက်များတဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်က ”အဖေ့ခြေရာ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆု၊ ၂၀၁၀ ပြည့်နှစ်က “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာထူးချွန်ဆုတွေကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ရိုက်ကူးခဲ့တဲ့ ‘မှတပါးအခြားမရှိပြီ’ ရုပ်ရှင်ကားမှာ မြင့်မြင့်ခင်နဲ့ မောင်စိန်အောင်တို့က အကယ်ဒမီရခဲ့တယ်လို့ သိရပါတယ်။
အကယ်ဒမီဒါရိုက်တာခင်မောင်ဦး (သရုပ်ဆောင်မောင်မဲ)နဲ့ အတွဲညီညီ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးစိုးသိမ်းထွဋ် အသက် ၇၁ နှစ် (သရုပ်ဆောင် ဆိုးပေ) ဟာလည်း ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်က ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်။