၁၀.၃.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် အကောက်ခွန်ဦးစီးဌာန ခြံစည်းရိုးတွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးတွေ့သည့်အတွက် ဖောက်ခွဲရှင်းလင်းခဲ့ရာ အသံကို ကျယ်လောင်စွာ ကြားခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများနှင့် ဒေသခံများထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၄၉ လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးရုံး သံပန်းခြံစည်းရိုးတွင် ချိတ်ဆွဲထားသည့် မပေါက်ကွဲသေးသော လက်လုပ်ဗုံးကို မတ်လ ၉ ရက် ညပိုင်း ၇ နာရီ အချိန်ခန့်က တွေ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့က အထက်ပါ လက်လုပ်ဗုံးကို မဟာဗန္ဓုလလမ်းပေါ်တွင် အတားအဆီးပြုလုပ်ကာ ဖောက်ခွဲရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပေါက်ကွဲသံကို အကျယ်ကြီး ကြားလိုက်ရတာ။ ဒါကြောင့် ဘယ်က ပေါက်သလဲဆိုပြီး မေးမြန်းရင်းနဲ့ အဲ့ဒီလို ပေါက်ကွဲတယ်ဆိုတာ သိလိုက်ရတာ” ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေမှုအချို့ကို ပြုလုပ်ခဲ့ကြပြီး အဆိုပါ လက်လုပ်ဗုံးကို ၎င်းတို့ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အမည်ရှိ PDF အဖွဲ့က ကြေညာထားကာ ဗုံးထောင်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ ကြေညာချက်တွင် ထည့်သွင်းရေးသားထားကြောင်း တွေ့မြင်ရသည်။