၁၀. ၃. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်မြို့ရှိ Time City Complex, Jewellery Mall တွင် ကျောက်မျက်ရတနာ အချောထည်များကို ၄၀ ရာခိုင်နှုန်းအထိအထူးလျှော့ဈေးဖြင့် မတ်လ ၁၀ ရက်မှ မတ်လ ၁၂ ရက်အထိ ရောင်းချပေးနေကြောင်း သိရသည်။
“အခုက Jewellery Mall ဖွင့်ထားပေမဲ့ လူသိနည်းသေးတယ်။ ပြီးတော့ ဖွင့်တဲ့ဆိုင်တွေ နည်းသေးတာရယ်။ ဒီမှာ ဒီလိုမျိုးရတနာဆိုင်တွေရှိတယ်ဆိုတာကို လူသိနည်းသေးလို့ လူသိလာအောင် လုပ်တဲ့ပွဲပါ။ လုပ်တာကလည်း ပေါ့ပေါ့ပါးပါးပေါ့နော်။ ပြီးတော့ ဆိုင်ခန်းကလည်း ၆၀ လောက်နဲ့လုပ်တာဖြစ်ပါတယ်။ နောက်ပြီး ဒီနေ့မှာ မဲပေါက်မဲ့အစီစဥ်တွေပေါ့။ ရတနာတွေထဲကလည်း ပါတယ်။ အခြားဖုန်းတို့ ဘာတို့ကို မဲဖောက်ပေးသွားမဲ့အစီအစဥ်တွေတော့ပါတယ်။ ဒီပြပွဲပြီးရင် နောက် ထပ်ပြပွဲလုပ်ဖို့ကတော့ လောလောဆယ်မရှိသေးဘူး” ဟု အဆိုပါပြပွဲဖြစ်မြောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထူးဈေးရောင်းပွဲတော်ကို ပြည်တွင်းရှိနာမည်ကြီး ရတနာဆိုင် ၆၀ ကျော်မှ ၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အပြိုင်အဆိုင် Discount ချ ရောင်းချပေးနေခြင်းဖြစ်ပြီး ရတနာဆိုင်အသီးသီး၏ ထူးခြားသော ကျောက်မျက်ရတနာ Design များ၊ Designer များစွာ၏ တမူထူးခြားသည့် Design များ၊ ပိုင်ရှင်များ၏ စိတ်ကူးစိတ်သန်းများ ထင်ဟပ်နေသည့် လက်ရာမြောက် ကျောက်မျက်ရတနာများကို တွေ့ရမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ Time City ၏ ငါးလွှာတွင် ပြခန်းများ ခင်းကျင်းပြသထားခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်မှ မတ်လ ၁၂ ရက်အထိ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။