၁၀. ၃. ၂၀၂၃
Written by Ye Kyaw
လက်ကျန်မရှိတော့ခြင်းနှင့် နယ်ဘက်မှဝင်ရောက်မှု နည်းလာခြင်းကြောင့် ရွှေဘိုပေါ်ဆန်းရှယ် (ပေါ်ဆန်းဆန် အဟောင်း) ဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်ပြည်ကို ကျပ် ၅,၅၀၀ အထိရှိလာခဲ့ကြောင်း ဆန်လက်လီအရောင်းဆိုင်များမှ သိရသည်။
“အရင်က ရွှေဘိုပေါ်ဆန်းကရှယ် အဟောင်းပေါ့။ ၁၀၆,၀၀၀ လောက်ပဲရှိတယ်။ အခု ၁၁၂,၀၀၀ လောက်ဖြစ်သွားပြီ ၆,၀၀၀ လောက် တက်သွားတာပေါ့။ ဒါက ဒိုင်ကယူဈေးနော်၊ ရောင်းဈေးမဟုတ်ဘူး။ သူများတွေက တစ်ပြည်ကို ၅,၃၀၀ နဲ့ ၅,၅၀၀ လောက်ရောင်းနေပြီ။ အစ်မက လက်ကျန်ရှိသေးလို့ ၄,၈၀၀ နဲ့ ၅,၀၀၀ လောက်ရောင်းနေတာ။ အသစ်ဖောက်ရင် ၅,၃၀၀ နဲ့ ၅,၅၀၀ လောက်အထိ တက်ရောင်းမှ ကိုက်တော့မှာ။ အဓိက ရွှေဘိုပေါ်ဆန်းရှယ်အဟောင်းတွေ အဲဒါတွေက လက်ကျန်မရှိတော့တာရယ်၊ နယ်ဘက်က မဝင်တော့တာရယ်ကြောင့်၊ အသစ်ကျတော့ တက်တော့တက်တယ်။ နည်းနည်းပဲ။ အခြားဆန်အမျိုးအစားတွေကလည်း နည်းနည်းပဲ။ အဓိကရွှေဘိုပေါ်ဆန်အဟောင်း လက်ကျန်မရှိတာ၊ မဝင်တာ” ဟု သင်္ဃန်းကျွန်းမြို့ နယ်အတွင်းရှိ ဆန်လက်လီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က ဆန်လက်လီရောင်းဈေးတွင် ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့ရာမှ ဈေးနှုန်းမြင့်တက်ခဲ့သဖြင့် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပေါ်ဆန်းဆန်ရှယ် တစ်ပြည်ကို ကျပ် ၄,၈၀၀ မှ ကျပ် ၅၀၀၀ ကြားအထိ မြင့်တက်မှုများရှိခဲ့ပြီး ပေါ်ဆန်းဆန်ရှယ် တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ဝန်းကျင်မြင့်တက်မှုများ ရှိခဲ့သည်။
အခြားသော ဆန်ကြမ်းအမျိုးအစားများမှာလည်း အဟောင်းမရှိတော့ဘဲ အသစ်များသာဝင်ရောက်မှုရှိပြီး ယင်းအသစ်ဈေးများသည်ပင် ယခင်ဆန်ဟောင်းဈေးများထက် ဇန်နဝါရီလကုန်ပိုင်းနှင့်နှိုင်းယှဥ်လျှင် ဆန်တစ်အိတ်ကို ကျပ် ၅,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ သိရသည်။
မတ်လ ၉ ရက်တွင် ပြည်တွင်းစားသုံးသည့် သာမန်ဆန်ချောများဖြစ်သော မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ခန့်၊ ကြားပျံရှယ်တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ကျော်၊ ဧည့်မထ တစ်အိတ်လျှင် ကျပ် ၅၁,၀၀၀ ခန့်၊ ရက် (၉၀)ဆန် (အသစ်)တစ်အိတ်လျှင် ကျပ် ၅၇,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည်။