၁၀.၃.၂၀၂၃
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့တွင် ဂျီဟိုဗာစင်တာ ဘုရားရှိခိုးကျောင်းအဆောက်အအုံတစ်ခုအတွင်း သေနတ်သမားတစ်ဦးက မတ်လ ၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူအများအပြား သေကြေထိခိုက်မှုများဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သေနတ်သမားက သေကြေသူများထဲတွင် ပါဝင်သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေကြေထိခိုက်သူအရေအတွက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သို့သော် ဒေသခံမီဒီယာအချို့က ပစ်ခတ်မှုကြောင့် သေဆုံးရသူ အနည်းဆုံးခုနှစ်ဦးရှိပြီး ပြင်းထန်စွာဒဏ်ရာရခဲ့ကြသူ ရှစ်ဦးရှိကြောင်းဖော်ပြခဲ့ကြသည်။
ဟမ်းဘာ့ဂ်မြို့၏ မြောက်ပိုင်းခရိုင်ဖြစ်သော Gross Borstel ရှိ အဆိုပါအဆောက်အအုံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၉ ရက် ည ၉ နာရီ ၁၅ မိနစ် (ဂရင်းနစ်စံတော်ချိန် မတ်လ ၉ ရက် ၂၀း၁၅ နာရီ) ခန့်တွင် ရဲတပ်ဖွဲ့သို့ အရေးပေါ် ခေါ်ဆိုအကြောင်းကြားမှုများရှိလာကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဒဏ်ရာရရှိသူအချို့မှာ ဒဏ်ရာအလွန်ပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်းလည်း ပြောခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားရာအဆောက်အအုံသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီးနောက် အဆောက်အအုံအတွင်း ကျန်ရှိနေသေးသူများကို ကယ်ထုတ်ခဲ့ပြီး အနီးတစ်ဝိုက်ကို သွားလာမှုပိတ်ပင်ထားခဲ့သည်။ ထို့ပြင် ပစ်ခတ်မှုဖြစ်ပွားရာအနီးတဝိုက်ရှိ ပြည်သူများလည်း အိမ်ပြင်သို့ မထွက်ကြဘဲ မိမိတို့အိမ်များအတွင်း၌သာ နေထိုင်ကြရန် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
Ref-The Guardian