◾️အဖွဲ့အစည်း ပျော်ပွဲရွှင်ပွဲများဖြင့် ရှင်လောင်းလှည့်မှသာ ကျပ် ၁၅၀၀၀ ကောက်ခံ
၁၀.၃.၂၀၂၃
Written by Peya
မန္တလေး မဟာမုနိဘုရားကြီးတွင် ရှင်လောင်းလှည့်ခြင်းနှင့်ပတ်သက်၍ ဘုရားသို့ အလှူငွေအမြောက်အမြား ပေးသွင်းနေရသည်ဟု ကောလဟလများ ပျံ့နှံ့နေသည်မှာ မဟုတ်မှန်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက MT News သတင်းဌာနသို့ ရှင်းလင်းပြောကြားသည်။
ရှင်လောင်းလှည့်ခြင်း ပတ်သက်၍ အဖွဲ့လိုက်လာရောက်ကြသော ကားများနှင့်ဆိုင်ကယ်များ အားလုံးရပ်နားရန်အတွက် ဘုရားသို့အလှူငွေ တစ်သောင်းငါးထောင်ကျပ်မှ လွဲ၍ မည်သည့်အလှူငွေမျှ လှူဒါန်းရန်မလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများမှ ဂရုတစိုက် ကူညီဆောင်ရွက်ပေးနေကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့ ဆီကို ဖုန်းတွေက ဝင်ဝင်လာတယ်ဗျ။ အလှူ။ ဘုရားကြီးကို လှည့်မယ်။ သုံးသိန်း၊ လေးသိန်း ပေးရပါတယ်လို့ ပြောနေတယ် ဟုတ်သလားပေါ့။ ကျွန်တော်တို့မှာ ခဏခဏ ဖြေရှင်းနေရတယ်လေ။ ကိုယ်တစ်ယောက်တည်းမှတ်ပြီး ကျန်တဲ့ ဂေါပကအဖွဲ့ဝင်တွေကို မေးကြည့်တော့လည်း ငါတို့လည်း ဒီလိုပဲ ကြားနေတာလို့ ပြောတယ်။ ဘုရားကြီးက အလှူလှည့်ရင် ရှင်လောင်းတခါလှည့်ရင် နှစ်သောင်းပေးရတယ်ကြားတယ် ဟုတ်သလားဆိုပြီးလည်း လာလာမေးကြတာ။ ကျွန်တော်တို့က အပြင်ကနေ Video ဓာတ်ပုံသမားတွေက ရိုက်ကူးခတွေ တောင်းနေသလား ဆိုပြီးတော့ စုံစမ်းတော့လည်း စုံစမ်းလို့ မရဘူး။ တချို့အလှူရှင်တော်တော်များကလည်း လှူထားပြီပြီဆိုပြီး မပြောကြတော့ဘူး” ဟု အထက်ပါ ဂေါပကအဖွဲ့ဝင်က ဆိုသည်။
မဟာမုနိဘုရားကြီးသို့ လာရောက်သည့် ဘုရားဖူးကားများဆိုလျှင်လည်း ဆိုင်ကယ် ကျပ်နှစ်ရာ၊ ကားသေးဆိုလျှင် ကျပ် သုံးရာ၊ ကားကြီးဆိုလျှင် ကျပ်ငါးရာနှုန်းသာ ကောက်ခံခြင်းဖြစ်ကြောင်းလည်း သိရသည်။
“တချို့ဆိုင်ကယ်တွေ ကားတွေက လှည့်လာပြီးတော့ ကျွန်တော်တို့က ရှင်လောင်းလှည့်တာ မဟုတ်ဘူး။ ဒါက ကားတစ်စီး သုံးရာပဲဆိုလည်း ရှင်လောင်းလှည်တာကို ဝတ်စုံနဲ့ မလှည့်ဘဲ ဒီအတိုင်း လှည့်လာရင်လည်း ကားတစ်စီးကို သုံးရာပဲ ကောက်ပါတယ်။ အဖွဲ့အစည်းတွေ ပျော်ပွဲရွှင်ပွဲ ပါလာရင်တော့ တစ်သောင်းခွဲပေါ့” ဟု ၎င်းက ရှင်းပြသည်။