၁၀.၃. ၂၀၂၃
Written By Thandar
ဇာတ်ပို့၊ လူကြမ်းသရုပ်ဆောင် ကျောက်ရိုင်းအောင်မြတ်ရဲ့ ကျန်းမာရေးကို ပရဟိတအကြောင်းပြပြီး အလှမယ် ယမုံက လုပ်စားနေတယ်လို့ ထင်မြင်ပြောဆိုခံနေရတဲ့အပေါ် အခြေအနေကြည့်ပြီး ရှင်းဖြစ်ချင်မှလည်း ရှင်းဖြစ်တော့မယ်လို့ အလှမယ်ယမုံက MT News ကို ဖွင့်ဟလာပါတယ်။
“ယမုံတို့ ပြဿနာနဲ့ ပတ်သက်ပြီး ဒီနေ့မလုပ်ဖြစ်တော့ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရက်ရွှေ့ထားတယ်။ အခုချိန်လည်း တစ်ယောက်နဲ့ တစ်ယောက် အခုလို အမြင်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်တွေလည်း အရမ်းရှုပ်ရတယ်။ အခြေအနေကြည့်ပြီးတော့ ရှင်းဖြစ်ချင်မှလည်း ရှင်းဖြစ်တော့မယ်။ ယမုံ အာရုံတွေအရမ်းနောက်လာလို့ပါ” လို့ အလှမယ်ယမုံက ပြောပါတယ်။
ယမုံဟာ Miss Universe Myanmar အလှမယ်တစ်ယောက်အနေနဲ့ ပရဟိတတွေလည်း လုပ်ကိုင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ယမုံဟာ လိုင်းပေါ်ကတစ်ဆင့် အလှူငွေတချို့ကောက်ခံပြီး ဦးကျောက်ရိုင်းအောင်မြတ်ကို ကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမူတချို့လုပ်ပေးခဲ့ပါတယ်။ ဦးကျောက်ရိုင်းအောင်မြတ်က လေဖြတ်ထားလို့ ကျန်းမာရေးမကောင်းတာကို အကြောင်းပြုပြီး ယမုံက မီဒီယာတွေ ခေါ်လာပြီး၊ ပေါင်းပြီးလုပ်စားတယ်ဆိုတဲ့ စကားကြောင့် အချင်းချင်းပြဿနာတက်လာပြီး တမျိုးအမြင် စောင်းသွားကြတာလည်းဖြစ်ပါတယ်။ ဒီစကားကြောင့် ဦးကျောက်ရိုင်းနဲ့ပတ်သက်ပြီး ဘာမှကူညီမှုမှ မလုပ်တော့ပေမယ့် တခြားပရဟိတအလုပ်တွေကို ယမုံက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဦးကျောက်ရိုင်းကျန်းမာရေးအတွက် ယမုံက အလှူခံပြီး လုပ်စားတယ်ဆိုတာမျိုး သတင်းကြောင့် ယမုံရဲ့ အနုပညာအလုပ်ကိစ္စနဲ့ ပတ်သက်ပြီး Ambassador လုပ်ရမယ့်အလုပ်ပါ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဒီအတွက် တရားစွဲမယ်လို့ သတင်းတွေလည်း ထွက်လာခဲ့ပါသေးတယ်။
ဦးကျောက်ရိုင်းအောင်မြတ်ကတော့ မကြာခင် အသက် ၈၀ ပြည့်တော့မှာဖြစ်သလို လေဖြတ်ထားပြီး ခြေတစ်ဖက်မသန်တော့တဲ့အပြင် ကိုယ်တစ်ခြမ်းသေသလိုဖြစ်နေတဲ့အတွက် အနုပညာအလုပ်ကို ၇ နှစ်ကျော် ရပ်နားထားရသူလည်းဖြစ်ပါတယ်။
“အဘကတော့ ယမုံနဲ့နှစ်ယောက်ဆုံပြီး အထင်အမြင်မှားတဲ့ ပြဿနာရှင်းလင်းမယ်ဆိုတာကို မသိပါဘူး။ အဘက အိပ်ယာထဲလဲနေတဲ့ ဒုက္ခိတလေ။ ဘာသိမှာလဲ။ မသိပါဘူး။ အဘအနေနဲ့ ဘာမှလည်း ပြောစရာမရှိတော့ပါဘူး။ မီဒီယာလာရင်တော့ အဘဖြေတာလေး တစ်ခုပဲရှိပါတယ်။ လိုင်းပေါ်မှာလည်း ဘာမှလည်း မတင်တတ်ပါဘူး။ Post တွေ ဘာတွေလည်း မသိပါဘူး။ အဘက ဒုက္ခိတဆိုတော့ ဒုက္ခိတအနေအထားနဲ့ပဲ နေတာပါ။ အခုဖြစ်နေတာလည်း အဘမသိပါဘူး။ သူတို့ဟာသူတို့ လိုင်းပေါ်မှာဖြစ်နေတာ အဘက ဘာမှမသိပါဘူး။ အဘနဲ့ဆက်သွယ်ပြီး မီဒီယာတွေခေါ် လာတယ်။ နောက်ပိုင်းမလာတော့ဘူး။ အဘက ကျေးဇူးတင် ဝမ်းသာနေတဲ့အချိန်မှာ သူ့ကိုခေါ်တာ မလာဘူး။ တစ်နေ့ကို အကြိမ်၂၀ ဆက်တာ သူသိရင် ထမင်းစားပြီးလည်း ရေသောက်ပြီးလည်း ဆက်လို့လိုင်းပေါ်မှာ ပြောထားတာ စာတော့ အဘဖတ်လိုက်ရပါတယ်။ အဘကမဆဲတတ်ဘူး။ အခုကတော့ အဘ ဘာမှ ပြောစရာမရှိပါဘူး ”လို့ ဇာတ်ပိုသရုပ်ဆောင် လူကြမ်း ကျောက်ရိုင်းအောင်မြတ်က MT News ကို ပြောပါတယ်။