၁၀. ၃. ၂၀၂၃
Written by Ye Kyaw
လက်ရှိအချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည့် အခြေနေတွင်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်သည့်အတွက် လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထက် ရငွေများပိုမိုရရှိမည်ဟု ခန့်မှန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်က ပြောကြားသည်။
မတ်လ ၉ ရက်တွင် ပြုလုပ်သည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အသုံးစရိတ်နှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့်ရငွေအပေါ် မူတည်ခွဲဝေလျာထားရမည်ဖြစ်ပြီး ဘတ်ဂျက်လိုငွေ အခြေအနေကိုလည်း သင့်တင့်လျောက်ပတ်စွာ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များနှင့် မသုံးသင့် မသုံးထိုက်သည့် အသုံးစရိတ်များကို စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် မဖြစ်မနေခွင့်ပြုရသည့် လစာနှင့်စရိတ်များ၊ လုပ်အားခများ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များအပါအဝင် သာမန်အသုံးစရိတ်များနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးသုံးစွဲရမည့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံး စရိတ်များကို ဦးစားပေးအစီအစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း သိရသည်။
စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ စက်သုံးဆီများသည် ကမ္ဘာနှင့်တဝန်း ဈေးနှုန်းမြင့်တက်နေသည့် အခြေအနေဖြစ်ကြောင်း၊ ပြည်ပမှ မှာယူတင်သွင်းရပြီး စျေးနှုန်းကြီးမြင့်သည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှုလျော့နည်းစေရန်နှင့် အသုံးစရိတ်များ မြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို တတ်နိုင်သမျှ လျှော့ချသုံးစွဲသွားကြရမည်ဖြစ်ကြောင်း ဆွေး နွေးခဲ့ကြောင်း သိရသည်။
အချို့ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာအကြီးအကဲများ၏ လတ်တလောညွှန်ကြားချက်နှင့် မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ပေးချက်များအရ ထပ်မံတင်ပြမည့်အချက်များကို ပွင့်လင်းစွာတင်ပြဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်သည့်အချိန်တွင် ဌာန၊ အဖွဲ့အစည်းများ၏ လျာထားချက်များအပေါ် အကျေအလည်ညှိနှိုင်းပြီး စိစစ်ထားပြီး ဖြစ်သည်ဟုသိရကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရငွေလျာထားချက်များနှင့် အသုံးစရိတ်လျာထားချက်များအပေါ်တွင် ပြင်ဆင်ရန်ရှိပါက ဆွေးနွေးတင်ပြကြရန်နှင့် လုပ်ငန်းလိုအပ်ချက်အရလည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ရမည့် အခြေအနေအရလည်းကောင်း တင်ပြရန်ရှိပါက ဆက်လက်တင်ပြနိုင်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ စုစုပေါင်းရငွေ ကျပ် ၂၃,၄၃၄ ဒသမ ၀၁၀ ဘီလျံရရှိရန် ခန့်မှန်းထားခဲ့ပြီး ပြည်ထောင်စု၏ စုစုပေါင်းအသုံးစရိတ် ၃၀,၈၃၃ ဒသမ ၃၉၆ ဘီလျံအထိရှိခဲ့သည့်အတွက် ပြည်ထောင်စု၏ စုစုပေါင်းလိုငွေ ကျပ် ၇,၃၉၉ ဒသမ ၃၈၆ ဘီလျံအထိရှိခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။