၁၀.၃.၂၀၂၃
Written by Ye Kyaw
ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများ ပထမအသုတ်လက်ခံခြင်းကို ဆောလျင်စွာပို့ဆောင်နိုင်ရေး၊ နေရာပြန်လည်ချထားရေးနှင့် ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးသွားမည်ဖြစ် ကြောင်း တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ကြောင်း မတ်လ ၉ ရက်တွင် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာဘက်၏ ဖိတ်ကြားချက်အရ မတ်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့သွားရောက်ကာ ဒေသခံနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က သွားရောက်လေ့လာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့ အတူလိုက်ပါခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်က ချစ်ကြည်ရင်းနှီးစွာဆွေးနွေးမှုမှတစ်ဆင့် ပထမအသုတ်နေရပ်စွန့်ခွာသူများ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ခြင်းနှင့် နေရာချထားရန် ဆက်လက်ကူညီပေးမည်ဖြစ်ကြောင်း သံအမတ်ကြီး Mr. Chen Hai က ပြောသည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ကုမ္ပဏီများက ရခိုင်ပြည်နယ်နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံအား ပေး၍ ဒေသန္တရအခြေခံအဆောက်အအုံနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ကာ ရခိုင်ပြည်နယ်အရေးကိစ္စ ကောင်းမွန်စွာဖြေရှင်းရေးအတွက် ကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအကြိမ်လေ့လာမှုတွင်အဓိကအားဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ငါးခူရပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်း၊ ကျောက်တစ်လုံး IDP စခန်းနှင့် ဒေသခံအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ စသည့်ဒေသများသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှေ့ပြေးစမ်းသပ် စီမံကိန်း တစ်ရပ်အနေဖြင့် လူတစ်ထောင်ကျော်ကို စတင်ပြီးပြန်လည်လက်ခံနိုင်ရန် ညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။