ဝက်လက်-ရုံးသာ ကားလမ်းတွင် သံကူသစ်သားတံတားအား PDF များ မီးရှို့ဖျက်ဆီး
MT News
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာအတွင်းသို့ KIA နှင့် PDF လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဝက်လက်-ရုံးသာ ကားလမ်းတွင် သံကူသစ်သားတံတားအား PDF များ မီးရှို့ဖျက်ဆီးမှုဖြစ်ပွားခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန် သည်။
ဖြစ်စဉ်များမှာ မတ် ၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာအတွင်းသို့ KIA အဖွဲ့ နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ KIA အဖွဲ့နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီးဗုံးသီးမှာ မိုးစစ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်စန်းဌေး(၅၀)နှစ်နှင့် ဒေါ်မော်မော်အေး(၄၆)နှစ် တို့တွင် လက်နက်ကြီး ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ရွှေကူမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်-ရုံးသာကျေးရွာသွား ကားလမ်းရှိ သံကူသစ်သားတံတားအား PDF များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရုံးသာကျေးရွာအနီး ဝက်လက်ရုံးသာကျေးရွာသွား မြေသားကားလမ်းရှိ သံကူ သစ်သားတံတား/ ပြွန်ကြီးတံတား(ဒေသအခေါ်)အား PDF များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား ၁ စင်းလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ သွားလာ ၍မရကြောင်း သိရသည်။