ယင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF များ၏ လက်နက်/ခဲယမ်းများ ဖမ်းမိ
MT News
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ညောင်ဝင်းမြောက်ကျေးရွာအနီး PDF များနှင့် လခရများ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF များ၏ လက်နက်/ခဲယမ်းများ ဖမ်းမိခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်ဝင်းမြောက်ကျေးရွာ၏မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ PDF များက ကျေးရွာစာသင်ကျောင်းအနီးတဝိုက်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF များ ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုနေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ PDF များ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၈၈ တောင့်၊ လက်လုပ်ဗုံးသီး ၁၈ လုံး၊ ဝရိန်စက် ၁ လုံး၊ ကျောက်ဖြတ်စက် ၁ လုံး၊ လွန်စက် ၁ လုံး၊ ဒီတိုနေတာ ၃ ခု၊ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆီ ၁၀ ပိဿာနှင့် ဆန် ၆ အိတ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ကလေးငယ်များ ပညာသင်ကြားရာစာသင်ကျောင်း၌ လက်နက်/ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသည့် PDF များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။