◾️ အဆင့် ၃၈ ၌ သုံးနှစ်ဆက် ရပ်တည်နေခြင်းဖြစ်ကြောင်း GFP ၏ ဆန်းစစ်ချက်များအရ သိရ
၁၀.၃.၂၀၂၃
Written by Htwe Ko Tun
Global Fire Power (GFP) ၏ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားအဆင့်သုံးသပ်ချက်ကို ထိုအဖွဲ့က မတ်လအတွင်းထုတ်ပြန်ခဲ့ရာတွင် ကမ္ဘာ့နိုင်ငံ ၁၄၅ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် ၃၈ နေရာတွင် ဆက်ရှိနေခဲ့ရာ အဆင့်အားဖြင့် ၂၀၂၂ ခုနှစ် သုံးသပ်ချက်ထက် အတက်အကျမရှိဘဲ တန့်နေခဲ့ခြင်းဟု ဆိုရမည်ဖြစ်သည်။
Global Fire Power က ၎င်း၏ နှစ်စဉ်အဆင့်သုံးသပ်ချက်ကို လုပ်ဆောင်ရာတွင် အကြောင်းရင်း ၆၀ ကို အခြေခံလျက် စဉ်းစားအကဲဖြတ်မှုပြုခြင်းဖြစ်သည်။ ၎င်းတို့တွင် စစ်ဘက်အင်အားအကြောင်းရင်းများကိုသာ အခြေခံစဉ်းစား၍ အဆင့်သတ်မှတ်ခြင်းမဟုတ်ဘဲ ထောက်ပံ့ပို့ဆောင်ရေး၊ ငွေကြေးဆိုင်ရာနှင့် ပထဝီအနေအထားစသည်တို့ကဲ့သော အချက်များအပေါ်တွင်လည်း ထည့်သွင်းစဉ်းစား၍ သတ်မှတ်ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် တို့အတွက် GFP ၏ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏စစ်အင်အားကို အဆင့်သတ်မှတ်ခဲ့ရာတွင်လည်း မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၄၅ နိုင်ငံအနက် အဆင့် ၃၈ တွင် ရပ်တည်ခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် GFP ၏သုံးသပ်ချက်တွင် အပြောင်းအလဲမရှိတန့်နေခဲ့သည်မှာ သုံးနှစ်အထိပင်ရှိသွားပြီဟု ဆိုရမည်ဖြစ်သည်။
ထိုကာလအတွင်း အနောက်ဘက်အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်က ၂၀၂၁ ခုနှစ်တွင် GFP ၏သုံးသပ်ချက်၌ အဆင့် ၄၅ တွင်ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားအဆင့်သုံးသပ်ချက်၌ အဆင့် ၄၀ သို့ မြင့်တက်လာသည်။ အာဆီယံနိုင်ငံများအနက်မူ ၂၀၂၃ ခုနှစ် GFP ၏သုံးသပ်ချက်အရ ဗီယက်နမ်၊ ထိုင်းလင်း၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့က မြန်မာထက် အဆင့်ပိုမြင့်သောနေရာများတွင် ရှိနေသည်ကိုတွေ့ရသည်။
မြန်မာ့တပ်မတော်အနေဖြင့် မိမိနိုင်ငံကိုကာကွယ်ရန် ထိုက်သင့်သောစစ်အင်အားလက်နက်များရှိသည့်အနက် GFP ၏ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားအဆင့်သုံးသပ်ချက်တွင် ဒေသအတွင်း စင်ကာပူ၊ ဖိလစ်ပိုင် စသောနိုင်ငံများထက် အဆင့်နိမ့်ကျမှုရှိနေခြင်းကလည်း အဓိကအားဖြင့် ထိုနိုင်ငံများ၏ စီးပွားရေးအင်အား ပိုမိုကောင်းမွန်သည့် အတွက် စစ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲနိုင်မှုအပေါ် တည်နေလိမ့်မည်ဟုတွေ့ရပေသည်။
အချို့သော အချက်များဖြစ်သည့် အမြောက်ကြီးလက်နက်များပိုင်ဆိုင်မှုနှင့် အတွဲလိုက်ဒုံးပျံပစ်စင်များအပါအဝင် ဒုံးပျံတပ်ဖွဲ့များ ဖွဲ့စည်းထားမှုတို့တွင် မြန်မာ့တပ်မတော်က ၁၄၅ နိုင်ငံအနက် အဆင့် ၁၀ နှင့် အဆင့် ၁၁ တို့အထိ မြင့်မားစွာရပ်တည်နိုင်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများထက် စီးပွားရေးနိမ့်ကျမှုကြောင့် စစ်ရေးအသုံးစရိတ်သုံးစွဲနိုင်မှုလည်း လျော့နည်းနေသည့်အချက်က GFP ၏သုံးသပ်ချက်၌ မြန်မာ့တပ်မတော်အင်အားကို အဆင့်သတ်မှတ်ရာတွင် တိုးတက်မှုမရှိဘဲတန့်နေရခြင်းဟု ယူဆမိရာ နိုင်ငံတစ်နိုင်ငံ၏ စစ်အင်အားအဆင့်တိုးတက်မှုက နိုင်ငံစီးပွားရေးအပေါ်လည်း တည်နေမည်ဟု ဆိုရမည်ဖြစ်သည်။
NUG၊ PDF များ EAOs များနှင့် စဥ်ဆက်မပြတ်တိုက်ခိုက်နေရသော မြန်မာ့တပ်မတော်၏ နှစ်စဥ်ဘတ်ဂျက်မှာ ဒေါ်လာ ၂ ဘီလျံဝန်းကျင်သာရှိပြီး ထိုင်းနိုင်ငံက ယခုနှစ်ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာခြောက်ဘီလျံခန့်၊ စင်ကာပူက ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁၃ ဘီလျံခန့်၊ မကြာခဏစစ်ရေးတင်းမာမှုရှိသည့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေါ်လာ လေးဘီလျံခန့်၊ ဗီယက်နမ်က ဒေါ်လာခြောက်ဘီလျံကျော်နှင့် ဖိလစ်ပိုင်က ဒေါ်လာ ၄ ဘီလျံကျော် စစ်ရေးစရိတ်အသုံးပြုထားသည့် GFP 2023 တွင် ဖော်ပြထားပြီး မြန်မာ့နှစ်စဥ်စစ်ရေးအသုံးစရိတ်မှာ အာဆီယံတွင်လည်း အနည်းဆုံးစာရင်း၌ ပါဝင်နေသည်ဟု GFP ၏ ဖော်ပြချက်များအရ သိရသည်။
Ref-globalfirepower