MT News
Written by Thettant
ဆေးခြောက်ပါကွတ်ကီးများ ပြုလုပ်နေပြီး ကွတ်ကီးတစ်ခု ကျပ် ၆၀၀၀ မှ ကျပ် ၁၀၀၀၀ အကြားရောင်းချနေသည့်အပြင် အတည်တကျပေါင်းသင်းနေထိုင်ခြင်းမဟုတ်ဘဲ တရားမဝင်ပေါင်းသင်းနေသူလင်မယားအား ဖမ်းမိသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ပြည်သူများ၏ သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ (၁၆)လမ်း၊ တိုက်အမှတ်(၁၂၆)၊ (၈)လွှာရှိ တိုက်ခန်းအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ထက်ရတနာစိုး (၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗဟိုရ်စည်အိမ်ရာဝန်း၊ တိုက်အမှတ်(၄၀)၊ (၃)လွှာရှိ အခန်း(၁၄)တွင် ဇော်လင်းနောင် (၂၁)နှစ်အား ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထား သည့် Cookie မုန့် ၅၀ ခု၊ ဆေးခြောက်ရှူရာတွင်အသုံးပြုသည့် ဆေးဂေါက်တံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တရားမဝင်ပေါင်းသင်းနေထိုင်သူများဖြစ်ပြီး Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ဆေးခြောက်ထည့်သွင်းမှု အနည်း/ အများပေါ်မူတည်၍ Cookie မုန့်တစ်ခုလျှင် ၆,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ထိ ရောင်းချကြောင်း၊ ဆေးခြောက်များအား Online မှတစ်ဆင့် မြဝတီဘက်သို့မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း၊ ၎င်းတို့ရောင်းချသည့် Cookie မုန့်များအား လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲလာစေရန် ရည်ရွယ်၍ ရက်စက်ယုတ်မာသည့်အကြံဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ မိမိကိုယ်ကျိုးစီးပွားအတွက် လူငယ်လူရွယ်များအား လမ်းမှားသို့ ရောက်ရှိစေရေးရည်ရွယ်ချက်ဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့သည့် တရားခံများအား ဥပဒေအရ ထိရောက်စွာအရေး ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။