MT News
ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်အောင်ရဲလင်း ပထမဆုံးရိုက်ကူးတဲ့ “လွမ်းလို့မကျန်ရစ်…စေလို” ဇာတ်လမ်းတွဲမှာ ကိုယ်ချစ်တဲ့ကောင်မလေးကို ပျော်အောင်ထားပြီး ကတိတည်ပေးတဲ့သူနေရာကသရုပ်ဆောင်ထားတယ်လို့ သူကဆိုပါတယ်။
“ကျွန်တော့်ရဲ့ ဒီကားထဲက ကာရိုက်တာက ညိုချစ်ဆိုင်နေရာကပါ။ အရာအရာကို သည်းခံတယ်။ မိန်းကလေးတစ်ယောက်ကိုလည်း ချစ်တယ်။ ချစ်တဲ့အတွက် အဆုံးစွန်အထိ သည်းခံတယ်။ ကိုယ့်ချစ်တဲ့ကောင်မလေးကို ပျော်အောင်ထားတယ်။ကတိတည်ပေးတဲ့သူနေရာက သရုပ်ဆောင်ထားပါတယ်”လို့အောင်ရဲလင်းက ပြောပါတယ်။
ဒီဇာတ်ကားဟာ နာမည်ကြီးစာရေးဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကို ဇာတ်ညွှန်း အင်ကြင်းဟန်က ရေးသားပြီး အကယ်ဒမီဆုရှင် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ ညိမ်းသော်၊ ရွှေမှုံရတီ၊ မြတ်ကေသီအောင်၊ ထူးမွန်၊ မွန်းဆန်း၊ ထက်သောလူ၊ ကလေးသရုပ်ဆောင် ရွှေဥဒေါင်း၊ ထွန်းလူ၊ ပိုင်ခန့်၊ ဈာန်လေး၊ ဇာခြည်လွင်၊ ငြိမ်းငြိမ်း၊ စိုးဇာခြည်တို့နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။
“ပထမဆုံးရိုက်ကူးဖြစ်တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရိုက်နေတဲ့ တလျှောက်လုံး ကာရိုက်တာပီပြင်အောင် စိတ်လျှော့ပြီး ဒေါသမဖြစ်အောင်နေတယ်။ ကိုယ်လုပ်နေကျ ကာရိုက်တာလည်း မဟုတ်ဘူး။ ပုံစံတစ်မျိုးကွဲထွက်နေလို့ လက်ခံရိုက်ကူးဖြစ်တာပါ”လို့ အောင်ရဲလင်းက ဆက်ပြောပါတယ်။
“လွမ်းလို့မကျန်ရစ်…စေလို ” ဇာတ်လမ်းတွဲကို မတ်လ ၁၂ ရက်နေ့မှာ Mahar App ကနေ စတင်ပြသမယ်လို့လည်း သိရပါတယ်။