MT News
Written by Nay Aung
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အာသံရိုင်ဖယ်တပ်ရင်းသည် Chandel ဒေသ Machi Loken မြို့အနီးတွင် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ သစ်များ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်ခြမ်းမှ အိန္ဒိယနိုင်ငံသို့ သစ်များ တရားမဝင်ပို့ဆောင်ရန် ကြိုးပမ်းနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် စုံစမ်းခဲ့ရာ မဏိပူရပြည်နယ်တောင်ပိုင်း Machi Loken မြို့အနီးတွင် သစ်လုံးအပြည့် တင်ဆောင်လာသော ကုန်ကား ၄ စီးနှင့်အတူ လူ ၆ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ ဖမ်းဆီးရမိသောသစ်များ၏ ကာလပေါက်ဈေးသည် အိန္ဒိယရူပီး ၁,၀၀၀,၀၀၀ တန်ဖိုးရှိကြောင်း အာသံရိုင်ဖယ်တပ်ရင်းကပြောသည်။
ဖမ်းဆီးရမိသော သစ်များနှင့်လူများကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် သစ်တောဌာနသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။ သစ်များ သို့မဟုတ် သစ်လုံးများကို တရားဝင်ခွင့်ပြုချက်မယူဘဲ တရားမဝင်ဈေးကွက်အတွင်းရောင်းချနိုင်ရန် မြန်မာနိုင်ငံဘက်ခြမ်းမှ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်မှုများရှိနေခဲ့ကြောင်း သိရသည်။ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုများ၊ မူးယစ်ဆေးဝါး၊ သစ်များကဲ့သို့သော တရားမဝင်ပစ္စည်းများ တင်ပို့ရန်ကြိုးပမ်းမှုများကို တားဆီးနိုင်ရန် နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။
အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့သည် ပြီးခဲ့သောဇန်နဝါရီလကလည်း မဏိပူပြည်နယ် Ukhrul ဒေသတွင် တရားမဝင်သစ်များ တင်ပို့ရန်ကြိုးပမ်းသူ ခြောက်ဦးနှင့်အတူ သစ်များအပြည့်ထည့်ထားသော ကုန်ကားနှစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ref – northeastnews