MT News
Written by Nyein Kyaw
မြေအောက် ကေဘယ်ကြိုးများ ခိုးယူခံရခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ မိုင်းခွဲခံရခြင်းများရှိနေ၍ တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း လျှပ်စစ်မီးများ ထပ်မံမပြတ်တောက်စေရန် မိဘပြည်သူများက ဝိုင်းဝန်းစောင့်ရှောက်ပေးရန်နှင့် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများသို့ အကြောင်းကြားပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက မတ်လ ၉ ရက် ညနေပိုင်းတွင် ကြေညာထားသည်။
66kV ဘုရင့်နောင်-စိန်ပန်းမြိုင်ဓာတ်အားလိုင်းသည် မတ်လ ၃ ရက် နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပွား၍ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ ရပ်ကွက်များသို့ဓာတ်အားပေးသည့် ဓာတ်အားခွဲရုံများ ဓာတ်အားပြတ်တောက်ခဲ့၍ လိုက်လံစစ်ဆေးရာ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ သမိုင်းချောင်းအနီးရှိ ၆၆ ကေဗွီမြေအောက် ကေဘယ်ကြိုးတစ်ချောင်း ဖြတ်တောက်ခိုးယူခံရ၍ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ လိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ခဲ့သည့် 66KV RIR ခွဲရုံ၊ 33kV မြကန်သာခွဲရုံနှင့် 33kV တော်ဝင်ဖီဒါခွဲရုံမှ ဖီဒါများအား တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍230kV သာကေတဓာတ်အားပေးစက်ရုံမှဓာတ်အားဖြင့် ယာယီဓာတ်အားဖြန့်ဖြူးပေးထားခဲ့ပြီး အပြစ်ဖြစ်ပွားခဲ့သော 66kV မြေအောက်ကေဘယ်အား အစားထိုးပြုပြင်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါဖြစ်စဉ်ကဲ့သို့ ဓာတ်အားလိုင်း၊ ကေဘယ်ကြိုးများ ခိုးယူခံရ၍ အများပြည်သူဓာတ်အားပြတ်တောက်ခြင်းမှ ကင်းဝေးနိုင်စေရေးအတွက် မိဘပြည်သူများက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန်နှင့် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများသို့ အကြောင်းကြားပေးရန် အသိပေးပန်ကြားထားခြင်းဖြစ်သည်။
ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်း ၄ နာရီခွဲ အချိန်တွင် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအားမိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် အတွက် ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ပြီး စက်မှုဇုန်များ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထိန်းညှိလျက် အများ ပြည်သူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။