စာမေးပွဲကာလဖြစ်၍ လျှော့နည်းလျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ တိုးမြှင့်ထုတ်လုပ်ပေးမည်
MT News
ယမန်နေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားသဖြင့် ဓာတ်အားထုတ်လုပ်မှုလျော့ကျခဲ့သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထားသည်။
ယနေ့ မတ်လ ၉ ရက် နံနက် ၄ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအနီးတွင် (၂၀) လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအား မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ခြင်း ဖြစ်သည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ် ဓာတ်အားပေးစက်များမှ တိုးမြှင့်ထုတ်လုပ်ပေးမည်ဖြစ်ပြီး စက်မှုဇုန်များ အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထိန်းညှိလျက် အများပြည်သူ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးသည့်ကာလတွင် စက်မှုဇုန်များသို့ ပုံမှန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။