၉.၃.၂၀၂၃
Translated by Htwe Ko Tun
တစ်နှစ်ကျော်ကြာလာပြီဖြစ်သော ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းတို့၌ တိုက်ပွဲများအရှိန်အဟုန်မြင့်လာခဲ့ရာ မတ်လ ၉ ရက်နံနက်တွင် ရုရှားဘက်မှ ယူကရိန်းမြို့ကြီးများသို့ ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောက်ဆုံးသတင်းများအရ သိရသည်။
လေကြောင်းတိုက်ခိုက်မှု အချက်ပေးဥသြများကိုလည်း မြိုတော်ကီးအက်ဗ်အပါအဝင် ယူကရိန်းနိုင်ငံတစ်ဝန်းတွင်ပင်ကြားနေကြရပြီး ကီးအက်ဗ်မြို့တော်ဝန်က မြို့အတွင်း ပေါက်ကွဲသံများကြားနေရကြောင်း ပြောခဲ့သည်။
နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများပြင်းထန်နေသော စစ်မြေပြင်ရှေ့တန်းပေါ်ရှိ ဘက်မတ်(Bakhmut) မြို့တွင် ယူကရိန်းတပ်ဖွဲ့များက မြို့ကိုထက်ခြမ်းပိုင်းထားသော မြစ်၏အနောက်ဘက်သို့ ဆုတ်ခွာသွားကြပြီဖြစ်ကြောင်းနှင့် ရုရှားတပ်ဖွဲ့များက ဘက်မတ်မြို့၏ အရှေ့ပိုင်းခရိုင်ကို သိမ်းပိုက်လိုက်နိုင်ပြီဟု ရုရှားတပ်ဖွဲ့များဘက်က မတ်လ ၈ ရက်တွင် ပြောခဲ့သည်။
လူဦးရေ ၇၀,၀၀၀ ခန့်နေထိုင်ရာ ဘက်မတ်မြို့မှာ ယူကရိန်းတပ်ဖွဲ့များ စခန်းချရာတပ်မြို့ (သို့မဟုတ်) လူဦးရေစည်ကားရာမြို့ (သို့မဟုတ်) အသွားအလာပို့ဆောင်ရေးအချက်အချာကျရာ မြို့တစ်မြို့ မဟုတ်ဘဲ သာမန်မြို့ငယ်တစ်ခုသာဖြစ်သော်လည်း နည်းဗျူဟာအရအရေးပါသည်ဟု ယူဆရသောကြောင့် နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန်ပြင်းထန်စွာ တိုက်ခိုက်မှုဖြစ်နေခဲ့ကြသည်မှာ လနှင့်ချီ၍ကြာပြီဖြစ်သည်။ ရုရှားတပ်ဖွဲ့များက မြို့အားဝန်းရံကာ အထောက်အပံ့လမ်းကြောင်းများဖြတ်တောက်ထားပြီး ယူကရိန်းတပ်ဖွဲ့များအား ကြီးမားစွာပျက်စီးနေသည့်မြို့တွင်းမှ ဆုတ်ခွာရန်လည်း ထိုးစစ်ဆင်လျက်ရှိသည်။ ယခုအခါ မြို့တွင်းတွင်လည်း လူ ၄,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ဘက်မတ်မြို့ကျဆုံးခဲ့ပါက ရုရှားတို့အဖို့ ယူကရိန်းအရှေ့ပိုင်းမြို့များသို ဝင်ရောက်ရန် လမ်းပွင့်သွားလိမ့်မည်ဖြစ်ကြောင်း မတ်လ ၈ ရက်တွင် ပြောခဲ့သည်။ သို့သော် ၎င်းက ရုရှားတပ်ဖွဲ့များ ယူကရိန်းမှပြန်လည်မဆုတ်ခွာပေးဘဲနှင့် ရုရှားသမ္မတပူတင်အား ၎င်းအနေနှင့် တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု ပြောခဲ့ပြန်သည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းအား တိုက်လေယာဉ်များထောက်ပံ့ပေးမည်ဆိုပါက စစ်ပွဲတွင် ယူကရိန်းအတွက်အောင်မြင်မှုရစေမည်ဟု ဆိုခဲ့သေးသည်။
သို့ရာတွင် စစ်ဒဏ်ခံနေရသော ယူကရိန်းနိုင်ငံမှ အခြားသော ဥရောပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြသော ပြည်သူစုစုပေါင်း ၈ ဒသမ ၁ သန်းခန့်ရှိသွားပြီဟု ကုလသမဂ္ဂက ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။ ၎င်းက ယူကရိန်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။
Ref—-=-CNN