၉. ၃. ၂၀၂၃
Written by Nyein Kyaw
ယခုနှစ်မဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများ မတ်လ ၁ ရက်မှစတင်၍ မတ်လ ၃၁ ရက်အတွင်း လျှောက်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာထားသည်။
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိုးရာယဥ်ကျေးမှုများနှင့်အညီ ကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်း၍ စနစ်တကျ စီစဥ်ဆောင်ရွက်နေသည်။ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် မတ်လ ၉ ရက်မှ မတ်လ ၃၁ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဥ်းစားမည်မဟုတ်ကြောင်း ကြေညာထားသည်။
“ကျွန်တော်တို့ကတော့ အရင်က ရေကစားမဏ္ဍပ်တွေ ဘာတွေတော့ လုပ်တယ်။ ဖျော်ဖြေရေးပါတဲ့အထိတော့ မလုပ်ဖူးဘူး။ ဒီနှစ်တော့ လျှောက်ရင်ကောင်းမလား မလျှောက်ရင်ကောင်းမလားပေါ့။ မလျှောက်ဖြစ်ဖို့တော့များတယ်။ မြို့ထဲကလူတွေကတော့ ရေကစားမဏ္ဍပ်လျှောက်ကြမှာပေါ့။ ဒီဘက်ကျတော့ အခြေအနေက ဘာမှန်းမသိဘူး။ သင်္ကြန်ကတော့ မကစားရတာကြာပြီ။ ရေကစားတာကတော့ ကစားမှာ အဲလိုကြီးကြီးမားမားလုပ်ပြီးကစားရင် ကျွန်တော်တို့ မြို့နယ်မှာက နည်းနည်းစဥ်းစားရမယ်” ဟု လှိုင်သာယာမြိုနယ်မှ ကိုသီဟဇော်က ပြောသည်။
ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေးအခြေအနေပေါ်မူတည်၍လည်းကောင်း၊ ယာဥ်ကြောကြပ်တည်းမှု အခြေအနေပေါ်မူတည်၍ လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာချပေးသွားမည်ဖြစ်သည်။
ရေကစားမဏ္ဍပ်အမျိုးအစားလိုက် ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဌာနတို့၏ စိစစ်ကောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သို့ လျှောက်ထား၍ မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးလုပ်ငန်းကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အတည်ပြုချက်ရရှိမှသာ စတင်ဆောက်လုပ်ရမည်ဖြစ်သည်။