၉. ၃. ၂၀၂၃
Written by Hey Mar
ယမန်နေ့ည မတ်လ ၈ ရက် ညဉ့်နက်သန်းခေါင်အချိန်နှင့် မတ်လ ၉ ရက် မနက်အစောပိုင်းအချိန်တို့တွင် ရန်ကုန်မြို့တွင်းနေရာ ၃ ခု၌ ယာဥ်တိုက်မှုနှင့် ယာဥ်မတော်တဆမှု ၃ ခု ဖြစ်ပွားခဲ့ကာ ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ရကြောင်း ထိုအသင်းဥက္ကဋ္ဌက MT News သို့ ပြောသည်။
ဖြစ်စဥ်များမှာ မတ်လ ၈ ရက် ည ၁၁ နာရီ ၄၀ အချိန်ခန့် ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ တန့်တော်မူစေတီ၏ အုတ်ရိုးအား တိုယိုတာ Vitz ယာဥ်ငယ်မှ ရှေ့ဘီးတာယာကွဲကာ အရှိန်လွန်ဝင်တိုက်ခဲ့ပြီး စေတီမဟာရံတံတိုင်း ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။ ထိုဖြစ်စဥ်တွင် ယာဥ်မောင်းထိခိုက်မှု ကြီးကြီးမားမားမရှိခဲ့ဘဲ တံတိုင်းပြိုကျမှုနှင့် တိုက်မိသည့်အရှိန်ကြောင့် ယာဥ် ညာဘက်အခြမ်းတစ်ခြမ်းလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ရှင်သန်ရေး လူမှုကူညီရေးအသင်းမှ သိရသည်။
“အဲဒီဖြစ်စဥ် ဖြစ်တဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီ သွားပြီးကူနိုင်တာက ကျွန်တော်တို့ရှင်သန်ရေးအဖွဲ့ မဟာဝိဇယစေတီရဲ့ လိပ်ကန်ကို နုန်းဆယ်၊ ရေလဲ၊ ကန်တော်သန့်ရှင်းရေးလုပ်ပြီး ရေကား၂ စီးနဲ့ ရေဖြည့်နေတာမို့ပါ။သူနာတင်ယာဥ် ၂ စီးလည်း အဆင်သင့်ရှိနေတော့ ကူညီနိုင်တာပါ”ဟု ရှင်သန်ရေးအသင်းဥက္ကဋ္ဌက ဆိုသည်။
ဒုတိယဖြစ်စဥ်မှာ မတ်လ ၈ ရက် သန်းခေါင်ကျော်အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမီးပွိင့် Toyota RAV 4 နှင့် တက္ကစီကားတို့ မျက်နှာချင်းဆိုင်တိုက်မိပြီး လူထိခိုက်မှုမရှိခဲ့ဟု သိရသည်။
တတိယမြောက် ယာဥ်တိုက်မှုဖြစ်စဥ်မှာ ကန်ဘဲ့လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း မီးပွိင့်ယာဥ်တိုက်မှုဖြစ်စဥ်ဖြစ်ပြီး မီးပွိင့်မီးနီမိ၍ ရပ်နေသည့်ကားကို နောက်မှဝင်တိုက်ကာ မောင်းပြေးခဲ့မှုဖြစ်သည်ဟု သိရသည်။ ထိုအတိုက်ခံရမှုကြောင့် ယာဥ်မှာ လူသွားလမ်းပလက်ဖောင်းပေါ်သို့ လွင့်ထွက်ရောက်ရှိသွားပြီး ယာဥ်မောင်းမှာ စတီယာရင်နှင့် ရင်ဘတ်ပြင်းထန်စွာထိခိုက်မိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌက “ညကဖြစ်စဥ်တိုင်းက အရှိန်လွန်တိုက်မှုတွေချည်းပဲ။ ကံကောင်းပြီး လူမထိကြပေမယ့် ယာဥ်ရှင်းရှင်း မရှင်းရှင်း ယာဥ်စည်းကမ်းလေးတော့ လိုက်နာကြစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေအရတော့ ရှင်းရဦးမှာပဲ “ဟု MT News ၏ မေးမြန်းမှုကို မှတ်ချက်ပြုသည်။