၉.၃. ၂၀၂၃
Written By Thandar
မယ်ဒလင်တစ်လက်နဲ့ မြို့ပြကျေးလက်အနှံ့ မြို့ပါမကျန် လူကြိုက်များတဲ့ မြန်မာသံစဉ်အဆိုတော်ကြီး တွံတေးစိုးအောင်ဟာ အသက် ၆၁ နှစ်အရွယ် ယနေ့ မတ်လ ၉ ရက် နံနက်၂နာရီ ၃မိနစ်မှာ ဦးနှောက်သွေးကြောပြတ် ကွယ်လွန်ခဲ့တယ်လို့ သားဖြစ်သူက ပြောပါတယ်။
“ကျွန်တော့်ရဲ့အဖေ နိုင်ငံကျော်တေးသံရှင်ကြီး တွံတေးစိုးအောင် ဒီနေ့မနက် ၂ နာရီက ကွယ်လွန်သွားပါတယ်။ သားရင်ထဲမှာ ဘာစကားမှ ပြောစရာ ဘာမှမရှိတော့ပါဘူး။ သားရူးတော့မယ် အဖေရေ။ အဖေချစ်တဲ့သားကို အစောကြီးထားသွားတယ်ဗျာ” လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ပြောပါတယ်။
တေးသံရှင် တွံတေးစိုးအောင်ရဲ့ မယ်ဒလင်လက်သံတီးခတ်မှုနဲ့အတူ သီဆိုဟန်ကြောင့်လည်း ပရိသတ်တွေ အားပေးနှစ်ခြိုက်ခဲ့ရပြီး ဂီတသက်တမ်း ၁၅ နှစ်အတွင်းမှာ မြန်မာသံ တစ်ကိုယ်တော် တေးသီချင်းတိတ်ခွေပေါင်း ၁၅၀ ကို ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။
“အပြင်မှာ တွေ့ဖူးမြင်ဖူးပေါင်းဖူးသူမို့၊ အရမ်းဖြူစင်တဲ့အနုပညာသမားမို့ အရမ်းနှမြောရပါတယ်။ ဂီတလောကအတွက် ဆုံးရှုံးမှုကြီးပါ။ ကျန်ရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းပါတယ်။ အထူးသဖြင့် အကို စိုးအောင်ရဲ့ သားလေး တွံတေးဟိန်းကျော် ညီလေးအတွက် ပိုစိတ်မကောင်းဘူး။ ကောင်းရာသုဂတိရောက်ပါစေ အစ်ကိုရေ” လို့ မြန်မာသံတေးသံရှင် ကျော်ကိုကိုနိုင်က ပြောပါတယ်။
သူ့ရဲ့ “ဝေးမှ ပိုချစ်တယ်၊ အချစ်အိမ်၊ ကိုကိုလို့ခေါ်ပါ၊ မောင်ငိုနေတာ နေ့တိုင်းပါ၊ မောင့်လမင်းလေး၊ သုညလေး ကြွင်းခဲ့ပြီ၊ မင်းပြုသမျှ နုရမှာပါ၊ ခုတော့ ချစ်သွားကြပြီပေါ့၊ ပန်းပန်ပြပါ၊ အိပ်မက်လေးပဲ ဖြစ်ပါစေ၊ မင်းအချစ်မစစ်ပါ၊ မောင့်ငယ်ကျွမ်း၊ ချစ်တယ်ပြောရင် စိတ်ဆိုးမှာလား” စတဲ့ တေးသီချင်းတွေကို ပရိသတ်က အကြိုက်တွေ့စေခဲ့တာဖြစ်ပါတယ်။
သူဟာ မြန်မာသံတေးချင်းတွေကို ပိုင်နိုင်စွာ သီဆိုနိုင်ခဲ့လို့ လူကြိုက်များကျော်ကြားခဲ့သူ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့အတွက် ၀မ်းနည်းမိကြောင်း အနုပညာအသိုင်းအဝိုင်းက ဂီတမောင်နှမတွေကလည်း ၀မ်းနည်းစကားဆိုပါတယ်။ နာရေးရက်ကိုတော့ မကြာခင်ပြန်လည်ပြောကြားပေးသွားမယ်လို့ သားဖြစ်သူက MT News ကို ပြောပါတယ်။