◾️ ယခုဘဏ္ဍာနှစ်အတွင်း တင်သွင်းမည်ဆိုပါက တစ်ပတ်အတွင်း လိုင်စင်လျှောက်ရန် အခွင့်အရေးပေး
၉. ၃. ၂၀၂၃
Written by Tha Doe
ပလပ်စတစ်၊ သံနှင့် သံမဏိ၊ စားသောက်ကုန်များ၏ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေပြီး ဝယ်လိုအားများနေသော်လည်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တင်သွင်းရန်လိုင်စင် (Quota) ခွဲဝေချထားပေးသည့် ကုမ္ပဏီ ၄၀၀၀ ခန့်က လုံးဝ တင်သွင်းခွင့်မရှိခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တင်သွင်းခွင့်ပမာဏသတ်မှတ်ချက် (Quota) ခွင့်ပြုထားသည့် ပလပ်စတစ် ကော်စေ့တင်သွင်းသည့်ကုမ္ပဏီ (၉၂) ခု၊ ပလပ်စတစ်ကုန်ကြမ်းတင်သွင်းသည့် ကုမ္ပဏီ (၁၇၆၂) ခု၊ သံနှင့်သံမဏိပစ္စည်း တင်သွင်းသည့်ကုမ္ပဏီ (၁၄၁၁) ခု၊ စားသောက်ကုန်ပစ္စည်းတင်သွင်းသည့်ကုမ္ပဏီ (၄၃၁) ခုတို့အား တင်သွင်းခွင့် (Quota) ခွင့်ပြုထားပြီး အကျုံးဝင်သည့်ကုမ္ပဏီများအနေဖြင့် သိရှိနိုင်စေရေး မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ အသိပေးအကြောင်းကြားထားသည်ဟု ကုန်သွယ်ရေးဦးစီးဌာနက အသိပေးသည်။
အဆိုပါကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့် (Quota) ရရှိထားသော်လည်း ယနေ့အထိ Tradenet 2.0 စနစ် တွင် တင်သွင်းခွင့်လိုင်စင် (လုံးဝ)လျှောက်ထားမှုမရှိကြောင်းတွေ့ရှိရသဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ လိုင်စင်လျှောက်ထားမည်ဆိုပါက ယနေ့မှ စ၍ ရက်သတ္တပတ်(၁)ပတ်အတွင်း တင်ပြလျှောက်ထားကြရန်နှင့် တစ်ပတ်အတွင်း လျှောက်ထားမှုမရှိပါက “ကုမ္ပဏီ Quota ပယ်ဖျက်သွားမည်” ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက မတ်လ ၈ ရက်တွင် ထုတ်ပြန်ချက်ဖြင့် အသိပေးထားသည်။
“လိုင်စင်တွေယူထားပြီး ကုန်စည်ကို မတင်သွင်းဘူးဆိုတာက ဖြစ်နိုင်ချေအများကြီးရှိတယ်။ ပထမတစ်ချက် သူတို့က ဒီ Quota ကို ရောင်းစားဖို့ လိုင်စင်ကိုင်ထားတာလား။ ဒုတိယတစ်ချက် လိုင်စင်ကိုင်ထားပြီး မတင်သွင်းတာက ကုန်စည်ရှားပါးပြီး စျေးနှုန်းတက်အောင် ဆွဲတင်ဖို့လား။ တတိယတစ်ချက် လိုင်စင်ကိုင်ထားပေမဲ့ တရားဝင်မတင်သွင်းဘဲ မှောင်ခိုတင်သွင်းနေတာလား။ စတုတ္တတစ်ချက် ပို့ကုန်ရငွေမရှိလို့ မသွင်းတာလား။ စသည်ဖြင့်ပေါ့။ အခုဆို ပလပ်စတစ်၊ သံ၊ သံမဏိ၊ စားသောက်ကုန်တွေအဆမတန်စျေးတက်နေတာ အားလုံးအသိ။ ဒါပေမဲ့ စျေးကွက်ထဲမှာ တက်စျေးနဲ့ပစ္စည်းတွေလည်း အမြဲရှိနေတယ်။ တစ်ခုခုတော့မှားနေတာသေချာပြီ။ နောက်ပြီး တစ်နှစ်လုံး လိုင်စင်ပေးကိုင်ထားပြီး နှစ်ကုန်မှ လိုင်စင်နဲ့သွင်းတာမရှိလို့ လာလျှောက်ပါ ထပ်အခွင့်အရေးပေးတာကလည်း လွဲနေပြီ။ တကယ်ဆိုရင် လိုင်စင်ထုတ်ပေးကတည်းက သုံးလအတွင်းမလျှောက်ရင် ပိတ်ပစ်ရမှာမျိုး။ အခုက ဒီလိုင်စင်တွေကိုင်ပြီး စျေးကစားတာကို စျေးနှုန်းဆွဲတင်နေတာကို ထိုင်ကြည့်သလိုဖြစ်နေတယ်။ ဒီကုမ္ပဏီ ၄၀၀၀ လောက်ကသာ အမှန်တကယ်တင်သွင်းနေရင် စျေးကွက်ပြိုင်ဆိုင်မှုအရ စျေးအများကြီး တင်မရသလို ပစ္စည်းပြတ်ပြီဆိုတာမျိုးနဲ့ စျေးဆွဲတင်လို့လည်းမရဘူး။ ဒီတော့ လုပ်သင့်တာက ဒီကုမ္ပဏီတွေကို ခေါ်စစ်။ စျေးဆွဲတင်နေတာလား။ လိုင်စင်ပြန်ရောင်းစားနေတာလား။ တရားဝင်လိုင်စင်ကိုင်ပြီး တရားမဝင်သွင်းနေတာလားဆိုတာစစ်ဆေးရပြီး ပေါ်ပေါက်သလို အရေးယူရမှာ”ဟု စီးပွားရေးပညာရှင်တစ်ဦးက သူ၏ ယူဆချက်ကို ပြောသည်။
မြန်မာနိုင်ငံတွင် Tradenet 2.0 ကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး အဆိုပါ စနစ်ဖြင့်တင်သွင်းရန်ကြေညာချက်ကို Myanmar Tradenet 2.0 Group တွင် မျှဝေသူများက Quota အရ လိုင်စင်လျှောက်ထားပေးရန် တောင်းဆိုမှုများ၊ သံနှင့်သံမဏိ Quota ပြန်ဝယ်လိုသူများ၊ ကော်စေ့ Quota ပြန်ဝယ်လိုသူများ စသည်ဖြင့်ရှိနေသည်ကို တွေ့ရသည်။
ထိုနည်းတူ နစက နှစ်နှစ်သက်တမ်းအတွင်း ကျပ် ၆၀ ဘီလျံဖိုးခန့် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးခဲ့သဖြင့် ယခင်အစိုးရများ ငါးနှစ်သက်တမ်းထက် တရားမဝင်ကုန်သွယ်မှု ပိုမိုဖမ်းဆီးထားနိုင်သည်ဆိုသော်ငြား အဆိုပါ ကျပ်ဘီလျံ ၆၀ မှာ ဒေါ်လာသန်း ၂၀ ကျော်သာရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် တရားဝင်ကုန်သွယ်မှုစာရင်းတွင် တရုတ်နိုင်ငံတစ်ခုတည်းနှင့်ပင် မြန်မာဘက်မှ တရားဝင်စာရင်းအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လအတွင်း ဒေါ်လာ ၆ ဘီလျံကျော်သာရှိသော်လည်း တရုတ်အကောက်ခွန် GACC စာရင်းများအရ ဒေါ်လာ ၁၇ ဘီလျံခန့်ရှိနေသဖြင့် မှောင်ခိုတင်သွင်းသည့်ပမာဏမှာ ဒေါ်လာ ၁၁ ဘီလျံခန့်ဟု ယူဆရဖွယ်ရှိနေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ မှောင်ခိုတင်သွင်းလာမှုကို နှစ်နှစ်အတွင်း ကျပ်ဘီလျံ ၆၀ ကျော်(ဒေါ်လာသန်း ၂၀ ကျော်) ဖိုး ဖမ်းဆီးနိုင်မှုမှာ တရုတ်တစ်နိုင်ငံတစ်ခုတည်း၏ ရှစ်လတာမှောင်ခိုတင်သွင်းမှုထက်ပင် အဆရာထောင်ချီလျော့နည်းနေသည်ကို တွေ့ရသည်။