၈. ၃. ၂၀၂၃
Written by Tha Doe
အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်စေမည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကြားဖြတ် လူဦးရေသန်းခေါင် စာရင်းအစီရင်ခံစာအရ အိမ်ထောင်စုလူဦးရေ ၅၄ ဒသမ ၉ သန်းမှာ အမျိုးသား ၄၆ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီကိန်းဂဏန်းအရ အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝအခြေအနေ မြင့်မားရေးမှာ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ အမျိုးသားတန်းတူ ပါဝင်ခွင့်ရရှိရေးနဲ့ အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း” (၂၀၁၃-၂၀၂၂)ရေးဆွဲပြီး အကောင် အထည် ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု SAC ဥက္ကဋ္ဌက ဆိုသည်။
သို့သော် အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်၍ (၂၀၂၃-၂၀၃၂) မဟာဗျူဟာ စီမံကိန်းအသစ် ရေးဆွဲရေးအတွက် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂)ရပ် ဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အတူ နည်းပညာကဏ္ဍတွင် အမျိုးသမီးများပါဝင်နိုင်မှုမရှိခြင်းမှာလည်း ကုန်ကျစရိတ်ပိုမိုများပြားစေပြီး UN Women’s Gender Snapshot 2022 အစီရင်ခံစာအရ ဒစ်ဂျစ်တယ်ကမ္ဘာမှ အမျိုးသမီးများကို ဖယ်ထုတ်ခြင်းမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဝင်ငွေနိမ့်ကျသည့် နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများ၏ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ အမေရိကန် ဒေါ်လာ ၁ ထရီလီယံကို ဆုံးရှုံးစေခဲ့သည်။ ထိုကိစ္စရပ်များအပေါ် မည်သည့် ဆောင်ရွက်ချက်မှ လုပ်မပေးနိုင်ပါက ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံအထိ ဆုံးရှုံးသွားမည်ဟုလည်း SAC ဥက္ကဋ္ဌက UN အစီရင်ခံစာကို ကိုးကားပြောသည်။
ထိုသို့ ဆုံးရှုံး မဖြစ်စေရေးအတွက်လည်း အွန်လိုင်းအကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၅၁ နိုင်ငံ၏ လေ့လာမှုတစ်ခုအရ အမျိုးသမီး ၃၈ ရာခိုင်နှုန်းမှာ အွန်လိုင်းအကြမ်းဖက်မှု များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းပေါ် အချိန်ပိုမိုသုံးစွဲခဲ့သည့် အမျိုးသမီးများမှာ အွန်လိုင်းနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာများတွင် အကြမ်းဖက်ခံရမှု တိုးမြင့်လာနေသည်ဟုလည်း သိရသည်။ သို့သော် မြန်မာအမျိုးသမီးများအနေဖြင့် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျုတာတက္ကသိုလ်များတွင် တက်ရောက်မှုနှုန်းလည်း တိုးမြှင့်လာနေသည်ဟုလည်း သိရသည်။
“ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာဖွံ့ဖြိုးမှုသင်တန်းများနဲ့ နည်းပညာမြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာမှာ သတ်မှတ် အရည်အချင်းများနဲ့ ကိုက်ညီပါက ကျားမခွဲခြားမှုမရှိဘဲ တန်းတူညီမျှတဲ့ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ အမျိုးသမီး တက်ရောက်မှုရာခိုင်နှုန်းဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ၄၀ ရာခိုင်နှုန်းသာ တက်ရောက်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ ၄၈ ရာခိုင်နှုန်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ အမျိုးသမီးများအနေနဲ့ နည်းပညာလက်လှမ်းမီရရှိပြီး ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်တဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လက်လှမ်းမီ အသုံးပြုနိုင်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေကို ပိုမို လုပ်ကိုင်လာနိုင်မှာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအား မှီခိုမှုကင်းစွာဆောင်ရွက်လာနိုင်မှာဖြစ်တာကြောင့် မိမိတို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို နိုင်ငံရဲ့စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးသက်ရောက်လာစေမှာ ဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။