MT News
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားသို့ ဘုရားဖူးသွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာသည့် ဘုရားဖူးယာဉ်အား မတ် ၇ ရက်တွင် PDF များက လက်လုပ်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၅) ရပ်ကွက်မှ ဒေါ်ငြိမ်းသန္တာသင်း အပါအဝင် ဘုရားဖူးပြည်သူ ၉ ဦးတို့သည် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားသို့ Toyota Passo အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားဖူးသွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာစဉ် မတ် ၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ နွားထိုးကြီး- မြင်းခြံသွားကားလမ်း၊ ညောင်ပင်သာကျေးရွာ၏ အရှေ့ဘက်မီတာ ၈၀၀ ခန့်အကွာသို့ အရောက်၌ PDF များက လမ်း၏ ယာဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်လုပ် အဝေးထိန်းမိုင်း ၁ လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဒေါငြိမ်းသန္တာသင်း၊ ဦးသန်းထိုက်မျိုးနှင့် အသက်(၆)နှစ် အရွယ်ရှိ မောင်ရွှေဘုန်းသစ်တို့သည် မိုင်းစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဦးရှိုင်းယုလတ်နှင့် ဒေါ်ရီမွန်ကိုတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူ၍ပြန်လာစဉ် အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မှုသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု( Counter- terrorism Action ) ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။