MT News
Written by Thuta Zaw
သန်လျင်မြို့နယ်၊ ချောင်းဆောက်ကျေးရွာတွင် ဘုရားမြွေအထင်ဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့ထားသော အဆိပ်ပြင်းသည့် မြွေပွေးကို ပြန်လည်အလှုခံကာ လူအများ အန္တရာယ်ကင်းမည့် လူသူဝေးသော နေရာတွင် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သူများထံက သိရသည်။
အဆိုပါ မြွေပွေးကို မှန်ခန်းဖြင့် ထည့်ထားခြင်းဖြစ်ပြီး ငွေလှူထားသည့် ပုံများနှင့်ပတ်သက်၍ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ချိတ်ဆက်ကာ အဆိုပါမြွေကို လူအများ အန္တရာယ်မဖြစ်စေရန် အတွက် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း MT News က သိရသည်။
“မောင်နှမတွေ လိုက်ချိတ်ဆက်ပြီးတော့ ဘုန်းကြီးကျောင်းကို ကိုယ်တိုင်သွားပြီးတော့ ဘုန်းဘုန်းကို မြွေပွေးဖြစ်ကြောင်းရှင်းပြပြီး အလှူခံတယ်ပေါ့။ လူတွေလည်း အန္တရာယ်ကင်း မြွေလည်း ရှင်သန်နိုင်ဖို့ အတွက် လွှတ်ပေးလိုက်တာ” ဟု မြွေမင်းသမီးအဖြစ် ထင်ရှားသည့် မရွှေလဲ့ က MT News သို့ ပြောသည်။
အဆိုပါ မြွေရှိသည့် ကျောင်း၏ ဆရာတော်မှာ နဂါးရုံဘုရား တည်နေသည့်အချိန်တွင် မြွေကိုတွေ့ခြင်း ဖြစ်သည့်အတွက် အဆိုပါ မြွေကို ပိုက်ဆံများ လှူဒါန်းကြခြင်းဖြစ်ကာ အဆိုပါမြွေနှင့်ပတ်သက်၍ အလှူခံခြင်းမျိုး မဟုတ်ကြောင်းနှင့် လှူဒါန်းသူများက မြွေပွေးမှန်းမသိကြောင်းလည်း ၎င်းက ရှင်းပြသည်။
“စပါးအုံး၊ စပါးကြီးလို့ ထင်ကြတာ။ အဆိပ်ရှိ မြွေ၊ အဆိပ်မရှိ မြွေကို ခွဲခြားမသိကြသေးလို့ ဒီလို ဖြစ်တာ။ ကျွန်မတို့က သွားပြီးတော့ ရှင်းပြတယ်။ ဒါက အဆိပ်ပြင်းတဲ့ မြွေဖြစ်တယ်ပေါ့။ အများပြည်သူ အန္တရာယ်ကင်းစေဖို့ အတွက် ကျွန်မတို့ကို ပြန်လှူပေးဖို့ ပြောပြီး လူတွေနဲ့ ဝေးတဲ့နေရာမှာ သွားလွှတ်ပေးလိုက်တာပါ” ဟု မရွှေလဲ့ က ဆိုသည်။
ထိုသို့ စေလွှတ်ရာတွင် Wild Life of Myanmar လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် Group နှင့် မြွေမင်းသားဟု ထင်ရှားသည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး ကိုတိုးကြီးတို့၏ ညွှန်ကြားပြသမှုနှင့် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ မေတ္တာအလင်း၊ စိမ်းလန်းသောမြေ (ကျောက်တန်း)၊ M.A.N သွေးလှူဒါန်းမှူအသင်း (သန်လျင် ) နှင့် 9 group ( သန်လျင်) တို့က ပူးပေါင်းက ဆောင်ရွက်ပေးခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။