MT News
Written by Thettant
ကိုဗစ်-၁၉ ရန်ပုံငွေမှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ကျပ် ၁၃ ဘီလျံကျော်ရှိ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း (၁) နှစ် ထပ်မံတိုးမြှင့်ကြောင်း ယနေ့ ကြေညာသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့သည်။
ထိုသို့ ထုတ်ချေးရာတွင် မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေပမာဏ ကျပ် ၁၃ ဒသမ ၁၃၂၅ ဘီလျံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် ချေးငွေသက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့် ကာလ စေ့ရောက်ခဲ့ပြီ ဖြစ်သည်။
သို့သော် ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွား ရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့သည်။
သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၈၇၉ ခု အနေဖြင့် အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီး ဖြစ်သည့်လုပ်ငန်းနှင့် ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများအားချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလသက်တမ်း (၁) နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အသိပေးကြေညာခဲ့သည်။
လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက် ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွား ရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေအရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက် ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရန်လည်း အသိပေးထားသည်။