◾ထိုပါတီတွင် NLD ပါတီ၏ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးလှဌေးက ရန်ကုန်တိုင်း တာဝန်ခံအဖြစ် ပါဝင်ဆောင်ရွက်နေ
၈. ၃. ၂၀၂၃
Written by Peya
ယခင်က ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဆိုသောအမည်မှ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဟု အမည်ပြောင်းလဲကာ မှတ်ပုံတင်လျှောက်ထားသည့် ကျားဖြူပါတီက နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကောင်စီနယ်မြေ ၇ ခုတွင် ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ကျားဖြူပါတီ၏ မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ကျားဖြူပါတီသည် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့ တွင် ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။
“ကျွန်တော်တို့ ရန်ကုန်တိုင်း ၄၅ မြို့နယ် ပြိုင်မယ်။ ဧရာဝတီတိုင်း ၂၆၊ ပဲခူး ၂၈ မြို့နယ်၊ မန္တလေးတိုင်း ၂၈၊ မကွေး ၂၅၊ နေပြည်တော် ၈၊ ရှမ်းပြည်နယ်မှာ ၄၆ မြို့နယ် ပြိုင်မယ်။ ရှမ်းပြည်နယ်မှာ ၅၅ မြို့နယ်ရှိတာ ဘာလို့ ခင်ဗျားတို့ ၄၆ လောက်ပဲ ပြိုင်မလဲ ဆိုတော့ ၉ မြို့နယ်လောက်က ပြိုင်လို့ မရဘူး။ ဝ ဒေသ က ၂၀၁၀ တည်းက ရွေးကောက်ပွဲ လုပ်လို့ မရဘူး။ ကိုးကန့် ၂ မြို့နယ် မပြိုင်ဘူး။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပြိုင်ဘူး။ ပအိုဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ် အဲဒီနေရာတော့ ပြိုင်မယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် လုံခြုံရေးအခြေအနေအရ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုသေးခြင်းဖြစ်ကာ လုံခြုံရေး အခြေအနေကောင်းပြီး ဒေသခံများဘက်က တောင်းဆိုလာပါကလည်း အထက်ပါ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျားဖြူပါတီသည် ပြည်ထောင်စုတစ်ခုလုံးအတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကျားဖြူပါတီ၏ ရန်ကုန်တိုင်းတာဝန်ခံအဖြစ် NLD ပါတီ၏ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ ဦးလှဌေးက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
“ကျွန်တော့်ကို အခုလို နားနေတဲ့ ကာလမှာ ပါတီ ၅ ခု ချိတ်ဆက်ပါတယ်။ ချိတ်ဆက်လာတဲ့ အခါ ကျွန်တော်စဉ်းစားတယ်လေ။ ငါ ဘယ်လောက်အထိ အလုပ်လုပ်နိုင်လဲ။ ပြည်သူလူထုကို ဘယ်အခန်းကဏ္ဍကနေ ကြီးကြီးမားမား ဆောင်ရွက်ပေးနိုင်မလဲဆိုတာ စဉ်းစားတယ်။ အဲဒီအခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ယခင်အမည်) က ကျွန်တော့်ဆီ ချိတ်ဆက်လာတယ်။ ဒီတော့ လက်မခံခင်မှာ သုံးကြိမ်လောက် ဆွေးနွေးတယ်။ တိုင်းရင်းသားကိစ္စရပ်တွေနဲ့ ပတ်သက်တာတွေ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါ ကျွန်တော်လိုချင်တဲ့ ဆွေးနွေးတာတွေ ရရှိတယ်။ အဓိကတော့ ဒီပါတီဟာ အရင်တုန်းက ရှမ်းပြည်နယ်တစ်ခုအတွက်ပဲ လုပ်ခဲ့တယ်။ ဒီအချိန်မှာ ရှမ်းပြည်နယ်အတွက် မလုပ်ဘူး။ ပြည်ထောင်စုတဝှမ်း လုပ်မယ်။ ရှမ်းတိုင်းရင်းသားတွေ ဗမာတွေ အခြားသော တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး နိုင်ငံရေးဖော်ဆောင်ချက်တွေ လုပ်မယ်ဆိုတာကို ကျွန်တော်က တော်တော်လေးသဘောကျတယ်” ဟု ဦးလှဌေး က MT News သတင်းဌာနသို့ ပြောသည်။