၈.၃. ၂၀၂၃
Written By Thandar
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမဟာ ဗိုက်ပူရင်တောင်ကြိုက်ပေမဲ့ အရမ်းချောတာ၊ အရပ်အရမ်းရှည်ထောင်ထောင်မောင်းမောင်းကြီးတွေ၊ Six Pack ရှိသူတွေကို မကြိုက်ဘူးလို့ ဖွင့်ဟလာပါတယ်။
“ဒီအသက်ဒီအရွယ်မှာ အိမ်ထောင်မရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လို့ လာကြိုက်ကြတဲ့သူတွေတော့ရှိတယ်။ စကားလာပြောတာ ရှိတယ်။ နောက် ချဥ်းကပ်သူတွေ ရှိကြတယ်။ သံသာ စကားပြောကြည့်ပြီး Coffee ဆိုင်မှာ Date ကြည့်တယ်။ သံသာ ၃ ရက်လောက် စကားပြောကြည့်ပြီး အဆင်မပြေရင် အဲဒီလူကို စကားထပ် မပြောကြည့်တော့ဘူး။ ဖုန်းခေါ်လည်း မကိုင်တော့ဘူး။ အပြင်မှာ တွေ့ရင်တော့ မိတ်မပျက်အောင် နေလိုက်တယ်။ သံသာနဲ့ အဆင်ပြေတယ်ဆိုရင်တော့ ဆက်စကားပြောကြည့်တယ်။ Type တူရင် ဆက်တွဲတာတို့ ရှိတယ်”လို့ သရုပ်ဆောင်သံသာမိုးသိမ့်က ပြောပါတယ်။
သူမဟာ လက်ရှိ ဇာတ်ကားရိုက်ကူးမှု ရက်ရွေ့သွားလို့ Birthday အကြိုမှာ ရှုတင်တွေ ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။ အသက်တစ်နှစ်ကြီးလာတော့ လူက ရင့်လာတဲ့အပြင် အမှတ်တရအဖြစ်ဆုံး မွေးနေ့အဖြစ် အသက် ၁၉ နှစ်က ရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။ သူမရဲ့ ပရိသတ်တွေနဲ့ ဘေးကသူငယ်ချင်းတွေက ယောက်ျားမယူစေချင်ဘူးလို့ ပြောကြပါတယ်။ သံသာမိုးသိမ့်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ထက်ယံနဲ့အတူ “ချစ်ခွင့် မရှိရင်တောင် ချစ်ဖို့ပဲလိုတယ်”သီချင်းကို သီဆိုပြီး ထွက်ရှိထားပါတယ်။
“သံသာ ရည်စားထားရင်လည်း ချွဲတဲ့အထဲပါတော့ ပုံစံမတူအောင် ခေါ်တယ်။ သံသာက ကလေးဆန်တဲ့ အထဲမှာလည်းပါတယ်။ ပုံမှန်စကားပြောတာထက်လေ ရည်းစားနဲ့စကားပြောရင် ကိုကိုဆိုရင် တိုတိုလို့ခေါ်တယ်။ မောင်မောင်ဆိုလည်း မော်မော်လို့ပြောတာ။ ပြီးရင်နာမည်ပြောင်တွေလည်း ခေါ်တယ်။ ရည်းစားကို ပါမုန့်လို့ ခေါ်သူ ဘယ်သူရှိမလဲ။ သံသာက ရည်းစားကို ပိုမွတ်လို့ခေါ်တယ်။ ရည်းစားထားတာတောင် ကိုယ်က ကလေးဆန်ပြီး ချွဲတဲ့အထဲမှာပါတယ်။ သံသာ ရည်းစားကိုခေါ်တဲ့ နာမ်စားက ဘယ်သူနဲ့မှ မတူပါဘူး။ သံသာက ကောင်လေး ဆိုလည်း အရမ်းရုပ်ချောရင် မကြိုက်ဘူး။ တွဲခဲ့သမျှ ရည်းစားထဲမှာ အရမ်းချောတာမပါဘူး။ သံသာက ပြန်အူတိုနေရတာကို မကြိုက်ဘူး။ နည်းနည်းတော့ သံသာက တစ်ကိုယ်ကောင်းဆန်တာပေါ့။ အရမ်းချောတာတို့ အရပ်အရမ်းရှည် ထောင်ထောင်မောင်းမောင်းကြီးတွေ မကြိုက်ဘူး။ Muscle တို့ Six Pack ရှိသူကို သံသာ မကြိုက်ဘူး။ သံသာအသည်းယားပြီးပတ်ပြေးတာ။ ဗိုက်ပူရင်တောင် ကြိုက်သေးတယ်”လို့ သူမက ဆက်ပြောပါတယ်။