၈. ၃. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်း အမှတ်(၅)သည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသဖြစ်သော မဏိပူရပြည်နယ်ရှိ H Molnom ရွာနားတွင် အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး ၂၇ ဒသမ ၉၀ ကီလိုဂရမ်ကို မှောင်ခိုတင်သွင်းရန်ကြိုးပမ်းသော မြန်မာနိုင်ငံသားနှစ်ဦးကို ပြီးခဲ့သောရက်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အာသံရိုင်ဖယ်တပ်ရင်းသည် ရရှိသောအထူးသတင်းကို အခြေခံပြီး H Molnom ရွာနားတွင် မတ်လ ၈ ရက် နံနက်ပိုင်းက အထူးစစ်ဆင်ရေးလုပ်ဆောင်ချိန်အတွင်း အိန္ဒိယရူပီး ၅၅၀၀၀၀၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာသံရိုင်ဖယ်တပ်ရင်း၏တပ်ဖွဲ့ဝင်များသည် အဆိုပါရွာနားရှိ စစ်ဆေးရေးဂိတ်နားတွင် Kenbo အမျိုးအစားဆိုင်ကယ်ကို စီးနင်းလာခဲ့သော လူငယ်နှစ်ဦးကိုရပ်တန့်စစ်ဆေးချိန် မူးယစ်ဆေးဝါးများကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသို့ မူးယစ်ဆေးဝါးများတင်ပို့ရန်ကြိုးပမ်းသော လူငယ်နှစ်ဦးသည် မြန်မာနိုင်ငံ တမူးမြို့တွင်နေထိုင်သူများဖြစ်ကြောင်း ပြောသည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦး သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ မူးယစ်ဆေးဝါးများထည့်ထားသော ခွက်ပေါင်း ၆၄၈ ခွက်ကို တွေ့ရှိခဲ့ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။ အိန္ဒိယအာသံရိုင်ဖယ်တပ်ရင်းသည် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် မြန်မာနိုင်ငံသားနှစ်ဦးကို မိုးရေးမြို့ရဲစခန်းကိုလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မိုးရေးမြို့ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားနှစ်ဦးကို အသေးစိတ်ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အိန္ဒိယရဲတပ်ဖွဲ့နှင့် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသူများ၊ မှောင်ခိုပစ္စည်းများ တင်သွင်းသူများကို ရှာဖွေဖမ်းဆီးနိုင်ရန်အတွက် လုံခြုံရေးကို ပိုမိုတင်းကြပ်ထားကြောင်း သိရသည်။
ref – morungexpress